မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ (Myanmar Narrative Think Tank)
ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်နေ့)တွင် ကျင်းပသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးက မြန်မာနိုင်ငံအတွက် ပဋိပက္ခများနှင့် အကျပ်အတည်းများကြားမှ နိုင်ငံတစ်နိုင်ငံက ငြိမ်းချမ်းရေး တည်ဆောက်မှုနှင့် စီးပွားရေးပြန်လည်ထူထောင်ရေးဟူသော မျှော်လင့်ချက်စာမျက်နှာသစ်ဆီသို့ ကူးပြောင်းပေးနိုင်မည့် အခွင့်အလမ်းဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ အတိတ်သမိုင်းတွင်လည်း ယခုကဲ့သို့ စိန်ခေါ်မှုများနှင့် အားနည်းချက်များကြားမှ ကျင်းပခဲ့ရသည့် နိုင်ငံထူထောင်ရေး သမိုင်းဝင်ရွေးကောက် ပွဲများမှတစ်ဆင့် နိုင်ငံ၏ပဋိပက္ခများကို ဖြေရှင်းရန်နှင့် နိုင်ငံတကာအသိုက်အဝန်းတွင် တာဝန် သိစွာဖြင့် ပြန်လည်ရပ်တည်နိုင်မည့် အခွင့်အလမ်းကောင်းများကို ရယူပေးနိုင်ခဲ့သည့်သာဓကများ ရှိခဲ့ဖူးပါသည်။
မြန်မာနိုင်ငံ၏ ပထမဆုံးအကြိမ်ကျင်းပသည့် တိုင်းပြုပြည်ပြု အခြေခံအုတ်မြစ်ချရမည့် နိုင်ငံ ထူထောင်ရေး ရွေးကောက်ပွဲကို ၁၉၅၁ ခုနှစ်တွင် စိန်ခေါ်မှုနှင့် အန္တရာယ်များကြားမှ ပြီးမြောက်အောင် ကျင်းပခဲ့ပါသည်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက် နိုင်ငံအနှံ့အပြားတွင် ရောင်စုံသောင်းကျန်းမှု များ ဖြစ်ပွားခဲ့ရာ ဦးနုအစိုးရ၏ နောက်ဆုံးခံစစ်မှာ မြို့တော်ဟောင်း ရန်ကုန်ဖြစ်ခဲ့သောကြောင့် “ရန်ကုန်အစိုးရ”ဟုပင် အမည်တွင်ခဲ့ပါသည်။ သို့သော် ထိုရန်ကုန်အစိုးရက ၁၉၅၀ ပြည့်နှစ်တွင် ထိုးစစ်များ ပြန်လည်ဆင်နွှဲနိုင်ခဲ့ကာ မြန်မာနိုင်ငံ၏ အဓိကမြို့ကြီးများကို ပြန်လည်ထိန်းချုပ် နိုင်ခဲ့သဖြင့် ၁၉၅၁ ခုနှစ်တွင် ကတိပြုထားသည့် ရွေးကောက်ပွဲကို ကျင်းပခဲ့ပါသည်။ ထိုရွေးကောက်ပွဲကို ၁၉၅၁ ခုနှစ် ဇွန်လမှ ၁၉၅၂ ခုနှစ် ဧပြီလအထိ ၁၄ လတာအတွင်း အဆင့် သုံးဆင့်ဖြင့် ကျင်းပခဲ့ရသည်။ ယနေ့ခေတ် တိုင်းရင်းသား ပြည်နယ်များဖြစ်သော နယ်စပ်ဒေသ အများအပြားတွင် ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သလို မြန်မာနိုင်ငံအလယ်ပိုင်း၏ ၁၁ ရာခိုင်နှုန်းသော ဒေသများမှာလည်း သောင်းကျန်းသူများ လက်အောက်တွင် ရှိနေသောကြောင့် ပြည်သူအများစု မဲမပေးနိုင်ခဲ့ကြပါ။ အကြမ်းဖက်ခြိမ်းခြောက်မှုများနှင့် မတည်ငြိမ်မှုများကြားမှ ဦးနုဦးဆောင်သော ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် (ဖဆပလ) က မဲအပြတ်အသတ်အနိုင်ရရှိခဲ့ပြီး မြန်မာနိုင်ငံသည် ဆယ်စုနှစ်တစ်ခုစာ ငြိမ်းချမ်းသာယာသော ဒီမိုကရေစီခရီးကို စတင်လျှောက်လှမ်း နိုင်ခဲ့ပါသည်။
ဒုတိယအကြိမ် အခြေခံအုတ်မြစ်ချနိုင်ခဲ့သည့် ရွေးကောက်ပွဲမှာ ၂၀၁၀ ပြည့်နှစ်တွင် ကျင်းပခဲ့ပါသည်။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုပြီးနောက် ထိုဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ကျင်းပသည့် ပထမဆုံးရွေးကောက်ပွဲကို ကျင်းပခဲ့ခြင်းဖြစ်သည်။ တပ်မတော်အစိုးရ တာဝန်ယူခဲ့သည့် သက်တမ်း နှစ် ၂၀ အကြာနှင့် နာဂစ်မုန်တိုင်းဒဏ် ဆိုးရွားစွာခံရပြီး နှစ်နှစ်အကြာတွင် ကျင်းပခဲ့ခြင်းလည်းဖြစ်ပါသည်။ ထိုအချိန်က အချို့သော နိုင်ငံရေးပါတီများက ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ကြပြီး “ ဝ ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတစ်ခုလုံးတွင်လည်း ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့ပါ။ သို့သော်လည်း ထိုရွေးကောက်ပွဲသည် ၂၀၁၁ ခုနှစ်တွင် သမ္မတဦးသိန်းစိန် ဦးဆောင်သော အစိုးရအဖွဲ့ကို အောင်မြင်စွာပေါ်ထွက်လာစေခဲ့ပြီး နိုင်ငံတစ်ဝန်း ကြီးမားနက်ရှိုင်းသော နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို အကောင် အထည်ဖော် လုပ်ဆောင်နိုင်ခဲ့ပါသည်။ ၂၀၁၁ ခုနှစ်မှ စ၍ နောက်ထပ်ဆယ်စုနှစ်တစ်ခုအတွင်း မြန်မာ နိုင်ငံသည် နိုင်ငံတကာနှင့် အောင်မြင်စွာ ပြန်လည်ထိတွေ့ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ရုံသာမက ပြည်တွင်း၌လည်း တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။
ယခုနှစ်တွင်ကျင်းပမည့် ရွေးကောက်ပွဲသည်လည်း အလားတူစိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပါသည်။ နိုင်ငံတကာအဖွဲ့အစည်းအချို့က မြန်မာနိုင်ငံရှိ ဒေသအချို့တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားဆဲ ရှိနေ၍ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပရန် မဖြစ်နိုင်ဟုထောက်ပြကြသော်လည်း မြေပြင်တွင် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်က မြို့နယ်ပေါင်း ၃၃၀ အနက် ၂၆၅ မြို့နယ် (၈၀ ရာခိုင်နှုန်း)တွင် ရွေးကောက်ပွဲကျင်းပရန် ဆုံးဖြတ်ထားပါသည်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်(UEC)အနေဖြင့် လုံခြုံရေးကိစ္စများကို ထည့်သွင်းစဉ်းစားကာ အဆင့်သုံးဆင့်ဖြင့် ကျင်းပရန် စီစဉ်လျက်ရှိပါသည်။ တစ်နိုင်ငံလုံးအနှံ့ ရွေးကောက် ပွဲများကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် မြို့နယ် ၁၀၂ မြို့နယ်၊ ၂၀၂၆ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် မြို့နယ် ၁၀၀ နှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် မြို့နယ် ၆၃ မြို့နယ်ဟူ၍ အပိုင်းသုံးပိုင်းခွဲကာ တစ်လအတွင်း အပြီးကျင်းပရန် စီစဉ်ထားပါသည်။ လက်နက်ကိုင်အဖွဲ့အစည်းများက ပြည်သူများမဲပေးခြင်းကို အကြမ်းဖက် နှောင့်ယှက်မည်ဟု ခြိမ်းခြောက်ပြောဆိုနေသည့် ကြားမှ UEC အနေဖြင့် ရွေးကောက်ပွဲကို အကျယ်ပြန့်ဆုံးလွှမ်းခြုံနိုင်ရန် အစွမ်းကုန်ကြိုးပမ်း လျက်ရှိကြောင်း သိရှိရပါသည်။
ရွေးကောက်ပွဲ လွှမ်းခြုံနိုင်မှုနှင့်ပတ်သက်၍ လေ့လာသုံးသပ်ရပါက ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း ရွေးကောက်ပွဲ သုံးကြိမ်အတွင်း ရွေးကောက်ပွဲလွှမ်းခြုံ နိုင်မှုနယ်မြေများ သိသိသာသာ လျော့ကျ လာသည်ကို တွေ့ရပါသည်။ ၂၀၁၀ ပြည့်နှစ်တွင် မြို့နယ်ငါးခု၊ ၂၀၁၅ ခုနှစ်တွင် မြို့နယ်ခုနစ်ခုတွင်သာ ရွေးကောက်ပွဲ ဖျက်သိမ်းခဲ့သော်လည်း ၂၀၂၀ ပြည့်နှစ်တွင် မြို့နယ် ၁၅ ခု ဖျက်သိမ်းသည်အထိ ရုတ်တရက် မြင့်တက်ခဲ့ပါသည်။ ၂၀၂၀ ပြည့်နှစ်တွင် ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ ခုအနက် ပြည်နယ် မြောက်ပိုင်းရှိ မြို့နယ်ကိုးခုတွင် ရွေးကောက်ပွဲဖျက်သိမ်းခဲ့ပါသည်။ ထိုစဉ်က ရခိုင်မြောက်ပိုင်းတွင် ဖြစ်ပွားလျက်ရှိသော လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားမှုမှာ ယခုထက် များစွာနည်းပါးခဲ့သော်လည်း ရွေးကောက်ပွဲများကို လုံခြုံရေးအကြောင်းပြ၍ ဖျက်သိမ်းခဲ့ခြင်းဖြစ်ပါသည်။ ထိုစဉ်က အာဏာရ ပါတီအတွက် အသာစီးရနိုင်မည့် တောင်ပိုင်းဒေသများတွင်သာ ရွေးကောက်ပွဲလုပ်ရန်စီစဉ်ခဲ့ပြီး ရခိုင်အခြေပြုပါတီများ ရွေးကောက်ပွဲမဝင်နိုင်ရန် ရည်ရွယ်ဆောင်ရွက်ခဲ့သည်ဟု ရခိုင်နိုင်ငံရေး ပါတီများက စောဒကတက်ခဲ့ကြသည်။ ယခုအကြိမ်တွင်မူ ရွေးကောက်ပွဲများ မကျင်းပနိုင်ရခြင်းမှာ နိုင်ငံရေး အမြတ်ထုတ်ရန်လုံးဝမဟုတ်ဘဲ လုံခြုံရေးအခြေ အနေများကြောင့်သာ ဖြစ်ပါသည်။ ထို့ပြင် ပဋိပက္ခများရပ်ဆိုင်း၍ ဒေသလုံခြုံအေးချမ်းလာပါက ကြားဖြတ်ရွေးကောက်ပွဲများကိုလည်း အဆောတလျင် ကျင်းပနိုင်မည် ဖြစ်ပါသည်။
ထိုသို့သောအခက်အခဲကြားမှ ရွေးကောက်ပွဲအား မဖြစ်မနေကျင်းပရန် ပြင်ဆင်နေချိန်တွင် နိုင်ငံတကာ ရွေးကောက်ပွဲ သုံးသပ်လေ့လာသူအချို့က ရွေးကောက်ပွဲသည် လူဦးရေ၏ ၅၀ ရာခိုင်နှုန်း အထိသာ လွှမ်းခြုံနိုင်မည်ဟု အဝေးမှမှန်းဆနေကြပါသည်။ အမှန်စင်စစ် ၂၀၂၄ ခုနှစ် လူဦးရေစစ်တမ်း သန်းခေါင်စာရင်းအရ ရွေးကောက်ပွဲဖျက်သိမ်းထားသည့် မြို့နယ် ၆၅ ခုရှိ လူဦးရေမှာ စုစုပေါင်းလူဦးရေ ၏ ၁၃ ရာခိုင်နှုန်းသာရှိပါသည်။ ထို ၆၅ မြို့နယ်မှာ မြို့နယ်စုစုပေါင်း ၃၃၀ ၏ ၂၀ ရာခိုင်နှုန်းဖြစ်သော် လည်း လူဦးရေသိပ်သည်းဆနည်းပါးသော ဝေးလံ ခေါင်ဖျားဒေသများ ဖြစ်ကြသည်။ ထို့ပြင် ပဋိပက္ခ ကြောင့် ထိုဒေသခံများသည် အခြားဒေသ သို့မဟုတ် အိမ်နီးချင်းနိုင်ငံများသို့ ရွှေ့ပြောင်းသွားကြသူများ ရှိနေသဖြင့် လက်တွေ့မြေပြင်တွင် ထိုဒေသများ၌ နေထိုင်သူမှာ သန်းခေါင်စာရင်းမှန်းဆချက်ထက် များစွာလျော့နည်းနိုင်ပါသည်။ လုံခြုံရေးအခြေအနေများကြောင့် ပြည်သူများ မဲပေးရန်အခက်အခဲများ ရှိနေသော်လည်း ယခုရွေးကောက်ပွဲတွင် ကောင်းမွန်သောရလဒ်များ ထွက်ပေါ်လာစေနိုင်မည့် အားသာ ချက်အချို့လည်း ရှိနေပါသည်။
ပထမအချက်မှာ နိုင်ငံရေးပါတီ ၅၇ ခုမှ ကိုယ်စားလှယ်လောင်း ၅၀၀၀ ကျော်က ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်သုံးရပ်ရှိ အမတ်နေရာ ၉၅၀ ခန့်အတွက် အကြိတ်အနယ် ယှဉ်ပြိုင်ကြခြင်း ဖြစ်ပါသည်။ ကိုယ်စားလှယ်လောင်းတစ်ဦးလျှင် အာမခံကြေး ကျပ်ငါးသိန်း ပေးသွင်းထားရပြီးရှုံးနိမ့်ပါက ထိုငွေကို ပြန်မရနိုင်မှန်းသိလျက်နှင့် ပါတီဝင်များက စိတ်အားထက်သန်စွာ ပါဝင်ယှဉ်ပြိုင်ကြခြင်းဖြစ်ပါသည်။ ကိုယ်စားလှယ် လောင်းများသည် မဲဆန္ဒရှင်ပြည်သူများအတွက် ငွေကြေးဖောင်းပွမှုကျဆင်းရေးမှစ၍ ရပ်ကွက်သန့်ရှင်း လှပရေးနှင့် မြို့နယ်အတွင်း ရေစီးရေလာကောင်းမွန်ရေးအထိ ပြုပြင်ပြောင်းလဲရေးအစီအစဉ် စိတ်ကူး ပေါင်းများစွာကို ကတိပြုတင်ပြလျက်ရှိပါသည်။ မဲဆန္ဒရှင်ပြည်သူများ၏ တက်ကြွစွာ ပူးပေါင်းပါဝင်မှု ကြောင့်လည်း ကိုယ်စားလှယ်လောင်းများသည် လုံခြုံရေးအရ အကန့်အသတ်များအကြားမှ ဟောပြောပွဲများ၊ အိမ်တိုင်ရာရောက် မဲဆွယ်စည်းရုံးမှုများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်နိုင်ကြသည် ကို တွေ့မြင်နိုင်ပါသည်။
ဒုတိယအချက်မှာ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး /ပြည်နယ် လွှတ်တော်များအတွက် ကိုယ်စားပြုအချိုးကျရောနှောစနစ် (Mixed-Member Proportion - MMP)ကို ပထမဆုံးအကြိမ် အသုံးပြုနိုင်ခြင်းဖြစ်ပါသည်။ ထိုစနစ်သည် တိုင်းရင်းသားပါတီများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် တစ်ခု၌သာ ယှဉ်ပြိုင်ကြမည့် ဒေသန္တရပါတီများအတွက် အားတက်စရာဖြစ်စေပါသည်။ ယခင်က နိုင်သူအကုန်ယူစနစ်(FPTP)ကြောင့် ပါတီကြီးများကသာ အနိုင်ရခဲ့သော်လည်း ယခု MMP စနစ်ကြောင့် ကရင်၊ ကယား၊ ချင်းနှင့် ပအိုဝ်း စသည့် ပါတီငယ်များသည်လည်း မဲအရေအတွက် ဒုတိယ သို့မဟုတ် တတိယရရှိပါက အချိုးကျစနစ်အရ လွှတ်တော်ထဲသို့ သေချာပေါက်ရောက်ရှိလာနိုင်မည် ဖြစ်ပါသည်။ ထို့အပြင် တပ်မတော်က သဘောတူထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၁ ပြင်ဆင်ချက်ကို ပြောင်းလဲပြဋ္ဌာန်းနိုင်ပါက တိုင်းရင်းသားနှင့် ဒေသန္တရပါတီများသည် ၎င်းတို့ဒေသ၏ ဝန်ကြီးချုပ်များကို ရွေးချယ်နိုင်ခွင့် သို့မဟုတ် အစိုးရအဖွဲ့တွင် ပါဝင်နိုင်ခွင့် ယခင်ကထက် ပိုမိုရရှိလာနိုင် ပါသည်။
တတိယအချက်မှာ MMP စနစ်နှင့် PR မဲဆန္ဒ နယ်မြေများကို ကျယ်ကျယ်ပြန့်ပြန့် သတ်မှတ်လိုက်ခြင်း နှစ်ချက်ကြောင့် ပဋိပက္ခဖြစ်ပွားရာ ဒေသများရှိ တိုင်းရင်းသားပါတီများအတွက် အသက်ရှူပေါက် ရရှိစေပါသည်။ ထိုဒေသများတွင် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေအချို့တွင် ရွေးကောက်ပွဲ မကျင်းပနိုင်သော်လည်း အမျိုးသား လွှတ်တော်အတွက် မဲဆန္ဒနယ်ကျယ်ပြန့်စွာ သတ်မှတ်မှုကြောင့် ရွေးကောက်ပွဲ ကျင်းပနိုင်သည့် အခြားမြို့နယ်များမှရရှိသော FPTP မဲများဖြင့် PR လွှတ်တော် ကိုယ်စားလှယ်များ ရရှိနိုင်ရန် အခွင့်အလမ်းရှိနေပါသည်။ ထို့ကြောင့်ပင် ရခိုင်ပါတီငါးခုနှင့် ချင်းပါတီသုံးခုတို့က ခက်ခဲသောအခြေအနေကြားမှ ဝင်ရောက်ယှဉ်ပြိုင်ကြခြင်းဖြစ်ပါသည်။ ယင်းတို့အနေဖြင့် တစ်နိုင်ငံလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီကြီးများနှင့် နှိုင်းယှဉ်ပါက အရင်းအမြစ်နှင့် အကာအကွယ်များ ပြည့်စုံစွာ မရှိသော်လည်း နိုင်ခြေအခွင့်အလမ်းရှိသောကြောင့် ကိုယ်ကျိုးစွန့်၍ သက်စွန့်ဆံဖျားကြိုးစား၍ ယှဉ်ပြိုင်ကြပါသည်။ လက်နက်မကိုင်သော တိုင်းရင်းသား ခေါင်းဆောင်များက လူထုအားဖြင့် လွှတ်တော်အတွင်း၊ အစိုးရအတွင်း ပါဝင်ဆောင်ရွက်နိုင်ပါက လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများကိုလျှော့ချရန်၊ ငြိမ်းချမ်းရေးဆွေးနွေးညှိနှိုင်းမှုများကို စတင်ရန် လမ်းပွင့်သွားမည်ဖြစ်ပြီး တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများနှင့် ဒေသအလိုက် နီးကပ်စွာ ပေါင်းစပ်ညှိနှိုင်း အဖြေရှာသွားနိုင်မည်ဖြစ်သည်။
စတုတ္ထအချက်မှာ ယခုရွေးကောက်ပွဲ၌ နှစ် ၂၀ အတွင်း အမျိုးသမီးကိုယ်စားလှယ်လောင်း ပါဝင်မှု အမြင့်ဆုံး (၁၈ ရာခိုင်နှုန်း) သို့ ရောက်ရှိလာနိုင်ခြင်း ဖြစ်ပါသည်။ ယင်းသည် ၂၀၂၀ ပြည်နှစ်တွင် အမျိုးသမီး ခေါင်းဆောင်များ၏ ဆွဲဆောင်မှုကြောင့် ရွေးကောက်ပွဲဖြစ်စဉ်တွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် အမျိုးသမီးကိုယ်စားလှယ်လောင်း အချိုး ၁၅ ရာခိုင်နှုန်းကို စံချိန်ချိုးခဲ့ပါသည်။ ထိုအချက်သည် ငြိမ်းချမ်းရေးနှင့် နိုင်ငံတော်တည်ဆောက်ရေးတွင် အမျိုးသမီးများ၏ကဏ္ဍကို အသိအမှတ် ပြုလာခြင်းဖြစ်ပါသည်။ လက်ရှိမဲဆွယ်စည်းရုံးရေးကာလတွင် အမျိုးသမီးကိုယ်စားလှယ် လောင်းများက ငြိမ်းချမ်းရေး၊ ပြန်လည်ရင်ကြားစေ့ရေးနှင့် ပြည်ထောင်စု တည်ဆောက်ရေးတို့ကို ကျယ်ပြန့်စွာ ဆွေးနွေးချပြလျက်ရှိရာ ပဋိပက္ခများရပ်ဆိုင်းရေးနှင့် အမျိုးသမီးနှင့် လူငယ်များ အခန်းကဏ္ဍ မြှင့်တင်ရေးကိစ္စများကို ပိုမိုကောင်းမွန်စွာ ဆောင်ရွက်နိုင်ပေမည်။ ထိုအခါ နိုင်ငံသားတိုင်း မဲပေးရန် စည်းရုံးလှုံ့ဆော်မှုများသည် အမျိုးသမီးနှင့် လူငယ်ကိုယ်စားလှယ်လောင်းများအတွက်လည်း မဲပိုမိုရရှိရန် တွန်းပို့ပေးနိုင်ပေသည်။ ထို့ပြင် မဲပေးသူဦးရေ အချိုးတက်လာသည်နှင့် အမျှ MMP စနစ်သည် သေးငယ်သော တိုင်းရင်းသားနှင့် ဒေသန္တရပါတီများကို ပိုမိုမဲရရှိစေမည်ဖြစ်ပြီး ယခင် FPTP စနစ်ကမူ ပါတီကြီးများကိုသာ အားသာစေခဲ့ပါသည်။
နောက်ဆုံးအချက်အနေဖြင့် မြန်မာအီလက် ထရောနစ်မဲပေးစက်(MEVM)စနစ်ကို အသုံးပြုထား ခြင်းသည် ရွေးကောက်ပွဲဂုဏ်သိက္ခာရှိရေးအတွက် အရေးကြီးသော လုပ်ဆောင်ချက်ဖြစ်ပါသည်။ ထိုစနစ်သည် ယခင်က ဖြစ်ပွားခဲ့သော မဲရေတွက်မှု မသမာမှုများကို ဖြေရှင်းပေးနိုင်ရုံသာမက ပွင့်လင်း မြင်သာမှုကိုလည်း မြှင့်တင်ပေးနိုင်မည်ဖြစ်ပါသည်။ ယခင်က စက္ကူမဲပြားများသုံးစဉ်က ပယ်မဲ ငါးရာခိုင်နှုန်းခန့်အထိ ရှိခဲ့သော်လည်း အီလက်ထရောနစ် မဲပေးစက်တွင်မူ ပယ်မဲလုံးဝမရှိနိုင်တော့ပါ။ မဲပေး စက်မှတစ်ဆင့် စောင့်ကြည့်ထောက်လှမ်းမည် ဟူသော တစ်ဖက်သတ်စွပ်စွဲချက်များမှာလည်း လွန်ကဲသော မှန်းဆချက်များသာဖြစ်ပါသည်။ မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် ဘတ်ဂျက်သက်သာစွာ မြန်မာနိုင်ငံတွင်သာ တီထွင်ထုတ်လုပ်ထားသော စက်များသည် မဲဆန္ဒရှင်များ၏မျက်နှာနှင့် ရွေးချယ် မှုများကို မှတ်တမ်းတင်နိုင်မည့်အစွမ်း လုံးဝမရှိနိုင်ပါ။ ယခုအခါ အဆိုပါမဲပေးစက်များကို မဲဆန္ဒရှင် များစွာရှေ့မှောက်တွင် စမ်းသပ်စစ်ဆေးခဲ့ပြီး ပြည်သူများ ယုံမှားသံသယဖြစ်စရာကိစ္စများ မပေါ်ပေါက် ခဲ့သောကြောင့် အဆိုပါစွပ်စွဲချက်များ အခြေအမြစ်မရှိကြောင်း ထင်ရှားလှပါသည်။
နိဂုံးချုပ်အနေဖြင့် လာမည့်မြန်မာ့ရွေးကောက်ပွဲသည် မြန်မာပြည်သူများ၏ အကျိုးအတွက်သာ ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပြီး ပဋိပက္ခများနှင့် မတည်ငြိမ်မှုများကြားမှ လက်တွေ့နည်းလမ်းများဖြင့် ပြည်သူအများ ထိရောက်စွာဆန္ဒပြုနိုင်ရန် အကောင်းဆုံးကြိုးပမ်းစီစဉ်ခဲ့ခြင်း ဖြစ်ပါသည်။ ဤ ရွေးကောက်ပွဲမှတစ်ဆင့် တိုင်းရင်းသားနှင့် ဒေသန္တရပါတီများ၏အခန်းကဏ္ဍ ပိုမိုအားကောင်း လာစေမည်ဖြစ်ပြီး ပဋိပက္ခများကြားမှ ငြိမ်းချမ်းရေး နှင့် ပြန်လည်သင့်မြတ်ရေးအတွက် မျှော်လင့်ချက် ရောင်ခြည်များကို ဆောင်ကြဉ်းပေးနိုင်မည်ဖြစ်ပါသည်။ ရွေးကောက်ပွဲမှ လွှတ်တော်သုံးရပ်ကို ပေါ်ထွန်းလာစေမည်ဖြစ်ပြီး ပြည်သူ့ဆန္ဒမှန်များကို ပြည်သူ့ကိုယ်စားလှယ်များမှတစ်ဆင့် ဥပဒေပြု၊ ရသုံးခန့်မှန်း ဘတ်ဂျက်များပြဋ္ဌာန်း၍ စတင်အကောင်အထည် ဖော်နိုင်တော့မည်ဖြစ်ပါသည်။ ပထမဆုံးအကြိမ် ကျင်းပမည့် MMP စနစ်သည် အမျိုးသားလွှတ်တော်မှတစ်ဆင့် ပါတီစုံမှ ကိုယ်စားလှယ်များ ပါဝင်ခွင့်ရရှိစေရန် ဆောင်ကြဉ်းပေးမည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တိုင်းရင်းသားနှင့် ဒေသန္တရပါတီများ၏ ကိုယ်စားပြုမှုကို ပိုမိုအားကောင်းလာစေမည် ဖြစ်သည်။ ထိုအခါ လက်နက်မကိုင်သော နိုင်ငံရေး ခေါင်းဆောင်များ၊ ပြည်သူ့ကိုယ်စားလှယ်များက ငြိမ်းချမ်းရေးနှင့် ပြန်လည်တည်ဆောက်ရေးတာဝန် များကို ချက်ချင်းယူနိုင်မည်ဖြစ်ပြီး လက်ရှိဖြစ်ပွား နေသောပဋိပက္ခများ အမြန်ချုပ်ငြိမ်းစေရန် သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ နှင့် စတင်ဆွေးနွေးညှိနှိုင်းနိုင်မည်ဖြစ်သည်။ ဤသို့လျှင် ပြည်သူအများပါဝင်ဆန္ဒပြုနိုင်ရန် ကြိုးပမ်းဆောင်ရွက်နေသော ၂၀၂၅ ရွေးကောက်ပွဲကြီးကို ပြစ်တင်ဝေဖန်နေမည့်အစား လေးစား တန်ဖိုးထား အားပေးသင့်ပါကြောင်း တိုက်တွန်းနှိုးဆော်အပ်ပါသည်။


