မြန်မာကစားသမားများ ထိုင်းကလပ်များနှင့် စာချုပ်ချုပ်ဆို

ရန်ကုန်  ဇူလိုင်  ၆

၂၀၂၂-၂၀၂၃ ရာသီထိုင်းလိဂ်ပြိုင်ပွဲများ မကြာမီစတင်တော့မည်ဖြစ်သောကြောင့် ပြိုင်ပွဲဝင်အသင်း များမှာ ရာသီကြိုပြင်ဆင်မှုများ ပြုလုပ်လျက်ရှိပြီး မြန်မာကစားသမားများနှင့် စာချုပ်ချုပ်ဆိုမှုများ ပြုလုပ်လျက်ရှိသည်။

ဇူလိုင် ၅ ရက်အထိ တရားဝင်သတင်းထုတ်ပြန်မှုများ အရ မြန်မာကစားသမားလေးဦး အသင်းသစ်သို့ ပြောင်းရွှေ့ခဲ့ပြီး ကစားသမားတစ်ဦးမှာ ယခင်အသင်းနှင့် သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့သည်။ နောက်ခံလူဇော်မင်းထွန်းသည် အသင်းဟောင်းဖြစ်သော ထိုင်းလိဂ်-၁ ကလပ်ချောင်ဘူရီအသင်းသို့ ပြန်လည်ရောက်ရှိခဲ့ပြီး နောက်တန်းအစွန်လူ ဟိန်းဖြိုးဝင်းက ထိုင်းလိဂ်-၁ ကလပ် ရတ်ချာဘူရီအသင်း၊ ကွင်းလယ်ကစားသမား ငြိမ်းချမ်းအောင်က ထိုင်းလိဂ်-၂ ကလပ် နာခွန်ဆီအသင်း၊ တိုက်စစ်မှူး သန်းပိုင်က ထိုင်းလိဂ်-၃ ကလပ် ကန်ချနာဘူရီ အသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး စာချုပ်သက်တမ်းများမှာ တစ်ရာသီဖြစ်ကြောင်း သိရသည်။

တိုက်စစ်မှူး အောင်ကောင်းမာန်မှာမူ ပြီးခဲ့သည့်ရာသီက ကစားခဲ့သည့် ထိုင်းလိဂ်-၂ ကလပ် အူဒုံထာနီအသင်းနှင့် တစ်ရာသီ သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့သည်။ အသင်းသစ် ပြောင်းရွှေ့ခဲ့သူများ အနက် ဇော်မင်းထွန်းသည် ၂၀၁၉ ခုနှစ်ကတည်းက ထိုင်းကလပ်များတွင် ကစားနေသူဖြစ်ပြီး ထိုင်းလိဂ်-၁ ကလပ် ချောင်ဘူရီနှင့် ဆူခိုထိုင်းအသင်း၊ ထိုင်းလိဂ်-၂ ကလပ် ထရတ်အသင်းတွင် ကစားပြီးနောက် ချောင်ဘူရီအသင်းသို့ ပြန်လည်ရောက်ရှိလာခြင်း ဖြစ်သည်။ ဟိန်းဖြိုးဝင်း၊ သန်းပိုင်နှင့် ငြိမ်းချမ်းအောင်တို့မှာမူ ပြည်ပကလပ်များတွင် ပထမဆုံး သွားရောက်ကစားခြင်းဖြစ်သည်။

မြန်မာကစားသမားအချို့မှာ ပြီးခဲ့သည့်နှစ်အနည်းငယ်ကတည်းက ထိုင်းကလပ်များတွင် သွားရောက်ကစားခြင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ်ကုန်ပိုင်းမှစတင်ကာ ပိုမိုများပြားလာခြင်း ဖြစ်သည်။ မြန်မာဘောလုံးသမားများသည် ထိုင်းကလပ်များအပြင် မလေးရှား၊ ကမ္ဘောဒီးယားနှင့် လာအို ကလပ်များတွင်လည်း ကစားနေပြီး လက်ရှိအချိန်အထိ ပြည်ပထွက်ကစားနေသူ ၁၅ ဦးအထက် ရှိနေပြီဖြစ်သည်။ မြန်မာဘောလုံးသမားအချို့မှာလည်း ပြည်ပထွက်ကစားရန် ကြိုးပမ်းလျက်ရှိပြီး ယခုလအတွင်း အပြောင်းအရွှေ့များ ထပ်မံဖြစ်ပေါ်လာဖွယ်ရှိနေသည်။

သတင်း-ကိုညီလေး

ဓာတ်ပုံ-ချောင်ဘူရီအသင်း

ပုံစာ-ချောင်ဘူရီအသင်းသို့ ပြန်လည်ရောက်ရှိခဲ့သည့် နောက်ခံလူ ဇော်မင်းထွန်း။