ရန်ကုန်      ဒီဇင်ဘာ     ၈

မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ်အသင်းသည် (၃၃)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကျင်းပမည့် ထိုင်းနိုင်ငံသို့ ဒီဇင်ဘာ ၈ ရက် ညနေပိုင်းတွင် ရောက်ရှိပြီး ဒီဇင်ဘာ ၉ ရက်မှစတင်ကာ လေ့ကျင့် ပြင်ဆင်မှုများ ပြုလုပ်သွားမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ်အသင်းသည် ဆီးဂိမ်းပြိုင်ပွဲကျင်းပမည့် ထိုင်းနိုင်ငံသို့ ကြိုတင်သွားရောက်ခြင်းဖြစ်ပြီး ပြိုင်ပွဲအကြိုပြင်ဆင်မှုအဖြစ်  ခြေစမ်းပွဲနှစ်ပွဲ  ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင် အမျိုးသားဖူဆယ်အသင်း နည်းပြချုပ်ဖြစ်သူ ထိုင်းနိုင်ငံသား ပတ္တရားပီခွန်သည် ကစားသမား ၁၆ ဦး ခေါ်ဆောင်သွားပြီး   ခြေစမ်းပွဲကစားအပြီးတွင်    ဆီးဂိမ်းပြိုင်ပွဲအတွက်    အပြီးသတ်ကစားသမား ၁၄ဦး ရွေးချယ်ရန် နှစ်ဦးလျှော့ချမည်ဖြစ်သည်။ ထိုင်းနိုင်ငံသို့ ရောက်ရှိ နေသည့်မြန်မာ့လက်ရွေးစင်   အမျိုးသားဖူဆယ်အသင်းတွင်    အုပ်ချုပ်သူ - ဦးနိုင်သောင်းထိုက်၊ နည်းပြချုပ်-ပတ္တရားပီခွန် (ထိုင်း)၊  နည်းစနစ်အကြံပေး  ဦးဌေးမြင့်၊ လ/ထနည်းပြ  ဦးဇော်ရဲမောင်၊ ကြံ့ခိုင်ရေးနည်းပြ  တာဝမ်(ထိုင်း)၊ ဂိုးနည်းပြ  ဆိုကန်သီကာ(ထိုင်း)၊ အားကစားသမားများအဖြစ် ဂိုးသမား - မိုင်းစိုးမြတ်ထွေး(MIU)၊ ကျော်ဇင်မျိုးဦး(YRG)၊  မျိုးကိုကိုဦး(MIU)၊ ကစားသမား  မျိုးမြင့်စိုး၊ ကိုကိုလွင်၊ နိုင်လင်းထွန်းကျော်(YRG)၊ မင်းခန့်၊ သက်ထွန်း၊ မင်းခန့်သူ၊ ဆက်ဝေယံ၊ စိုင်းပြုံးအောင်၊ ထူးဝေယံ၊ ထွန်းအောင်ကျော်(MIU)၊ အောင်ကျော်ဖြိုး၊ ငြိမ်းမင်းစိုး(YCDC Dream Team)၊ ထွန်းထွန်းဝင်း (ပြည့်စုံ FC)တို့ ပါဝင်ကြသည်။

ဆီးဂိမ်းအမျိုးသားဖူဆယ်ပြိုင်ပွဲကို   ဒီဇင်ဘာ ၁၅ ရက်မှ ၁၉ ရက် အထိကျင်းပမည်ဖြစ်ပြီး အိမ်ရှင် ထိုင်းအပါအဝင် မြန်မာ၊ အင်ဒိုနီးရှား၊ ဗီယက်နမ်နှင့် မလေးရှား ငါးသင်းသာယှဉ်ပြိုင်မည်ဖြစ်သောကြောင့် ပတ်လည်စနစ်ဖြင့်ကျင်းပကာ အမှတ်အများဆုံးအပေါ်မူတည်၍ ရွှေ၊ ငွေ၊ ကြေးဆုတံဆိပ် များ ချီးမြှင့်မည်ဖြစ်သည်။  မြန်မာအသင်းသည် အုပ်စုပွဲများအဖြစ် ဒီဇင်ဘာ ၁၅ ရက်တွင် အင်ဒိုနီးရှားအသင်း၊ ဒီဇင်ဘာ ၁၆ ရက်တွင် ထိုင်းအသင်း၊ ဒီဇင်ဘာ ၁၇ ရက်တွင် မလေးရှားအသင်း၊ ဒီဇင်ဘာ ၁၉ ရက်တွင် ဗီယက်နမ်အသင်းနှင့် ကစားရမည်ဖြစ်သည်။

မောင်စံကြီး