ရန်ကုန် ဩဂုတ် ၂၁
၂၀၂၅ အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ ဒုတိယဆုရခဲ့သည့် မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းသည် သြဂုတ် ၂၀ ရက် ညပိုင်းက ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြသည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း သည် သြဂုတ် ၆ ရက်မှ ၁၉ ရက်အထိ ကျင်းပခဲ့သည့် ၂၀၂၅ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲတွင် ခြေစွမ်းပြကစားကာ ဒုတိယဆုရခဲ့ခြင်းဖြစ်သည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် အုပ်စုပွဲများတွင် သြစတြေးလျ အသင်းကို နှစ်ဂိုး-တစ်ဂိုး၊ တီမောအသင်းကို သုံးဂိုး-ဂိုးမရှိဖြင့် အနိုင်ရပြီး ဖိလစ်ပိုင်အသင်းနှင့် တစ်ဂိုးစီသရေကျကာ ရမှတ် ခုနစ်မှတ်ဖြင့် အုပ်စုပထမရရှိခဲ့သည်။ ဆီမီးဖိုင်နယ်တွင် ထိုင်းအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိကာ ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့ပြီး ဗိုလ်လုပွဲတွင် သြစတြေးလျအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အရေးနိမ့်ခဲ့သဖြင့် ချန်ပီယံဆုနှင့် လွဲချော်ခဲ့ရခြင်းဖြစ်သည်။ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း သည် ချန်ပီယံဆုနှင့် လွဲချော်ခဲ့သော်လည်း မြန်မာဘောလုံးပရိသတ်များ၏ တစ်ခဲနက်အားပေးမှုရရှိခဲ့ပြီး ဒုတိယဆုအပြင် ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးဂိုးသမားဆုကို မျိုးမြမြငြိမ်း၊ သွင်းဂိုးအများဆုံးဆုကို ဝင်းသိင်္ဂီထွန်းက (ခုနစ်ဂိုး) ဖြင့် ရယူနိုင်ခဲ့သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲတစ်လျှောက် ချန်ပီယံဆု နှစ်ကြိမ်၊ ဒုတိယ လေးကြိမ်၊ တတိယ သုံးကြိမ်ရရှိထားပြီး ၂၀၁၅ နောက်ပိုင်း ၁၀ နှစ် အကြာတွင် ဗိုလ်လုပွဲသို့ တစ်ကျော့ပြန်တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ယခုပြိုင်ပွဲမှ အတွေ့အကြုံကောင်းများရယူကာ ယခုနှစ်ကုန်ပိုင်းယှဉ်ပြိုင်ရမည့် (၃၃)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် အောင်မြင်မှုရရှိရန် ဆက်လက်ပြင်ဆင်သွားရမည် ဖြစ်သည်။
သတင်း-ရှိုင်းထက်ဇော်
ဓာတ်ပုံ-MFF


