နိုဝင်ဘာ ၂၀

အာဆီယံဆူဇူကီးဖလားပြိုင်ပွဲအတွက်  လေ့ကျင့်နေသည့် မြန်မာ့လက်ရွေးစင်အသင်းသည် အင်ဒိုနီးရှား လက်ရွေးစင်အသင်း အပါအဝင် ခြေစမ်းပွဲများ ထပ်မံကစားမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် အောက်တိုဘာလကုန်ပိုင်းမှစ၍ တူရကီနိုင်ငံ၌ လေ့ကျင့်လျက်ရှိပြီး ယခုလကုန်အထိ နေထိုင်သွားမည်ဖြစ်ကာ ခြေစမ်းပွဲနှစ်ပွဲ ထပ်မံကစားနိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် နိုဝင်ဘာ ၂၅ ရက်တွင် ဆူဇူကီးဖလားပြိုင်ပွဲယှဉ်ပြိုင်မည့် အင်ဒိုနီးရှား လက်ရွေးစင်အသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး တူရကီကလပ်အသင်းတစ်သင်းနှင့် ထပ်မံခြေစမ်းခွင့်ရရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းနှင့် အင်ဒိုနီးရှားလက်ရွေးစင်အသင်းသည် ၂၀၁၉ ခုနှစ် မတ်လတွင် မန္တလေးမြို့၌ နောက်ဆုံးခြေစမ်းခဲ့ပြီး အင်ဒိုနီးရှားအသင်းက နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရထားသည်။ မြန်မာ့လက်ရွေးစင် အသင်းသည် တူရကီနိုင်ငံတွင် ခြေစမ်းပွဲသုံးပွဲကစားထားပြီး ငါးပွဲအထိ ကစားနိုင်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် တူရကီ အပျော်တမ်းကလပ်များဖြစ်သည့် မာနက်ဗ်ဂတ်စပေါ်အသင်းကို နှစ်ဂိုး-တစ်ဂိုး၊ အန်တယ်လ်ရာဟယ်စပေါ်အသင်းကို ရှစ်ဂိုးပြတ်ဖြင့် အနိုင်ရပြီး အာဖရိကအသင်းဖြစ်သော ဘူရွန်ဒီ လက်ရွေးစင်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အရေးနိမ့်ထားသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ဆူဇူကီးဖလားပြိုင်ပွဲအတွက် ကစားသမား ၂၅ ဦးရွေးချယ်ထားပြီး မလေးရှားကလပ် ဆီလန်ဂေါအသင်းတွင် ကစားနေသည့် တိုက်စစ်ကစားသမား ဟိန်းထက်အောင်မှလွဲ၍ ကျန်ကစားသမားများမှာ ပူးပေါင်းလေ့ကျင့်နေပြီဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်း ဆူဇူကီးပြိုင်ပွဲကျင်းပမည့် စင်ကာပူနိုင်ငံသို့ နိုဝင်ဘာ ၃၀ ရက် ရောက်ရှိမည်ဖြစ်သည်။

သတင်း-ရဲရင့်လွင်