မြန်မာ့လက်ရွေးစင်အသင်း အပြီးသတ်လူစာရင်းကို ရက်ပိုင်းအတွင်း ထုတ်ပြန်မည်

မေ ၃၁

မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် အန်တွမ်နီဟေးသည် ၂၀၂၃ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲ ယှဉ်ပြိုင်မည့် အပြီးသတ်လူစာရင်းကို ယခုရက်ပိုင်းအတွင်း ထုတ်ပြန်သွားမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် အာရှဖလား တတိယအဆင့်ခြေစစ်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ထိုင်းနိုင်ငံ၌ လေ့ကျင့်နေပြီး ဇွန် ၃ ရက်တွင် အာရှဖလား တတိယအဆင့်ခြေစစ်ပွဲကျင်းပမည့် ကာဂျစ္စတန်နိုင်ငံသို့ ထွက်ခွာမည်ဖြစ်သည်။ မြန်မာအသင်းသည် အာရှဖလားခြေစစ်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် မေ ၂၂ ရက်ကတည်းက ထိုင်းနိုင်ငံ၌ သွားရောက်လေ့ကျင့်ခဲ့ပြီး နိုင်ငံတကာခြေစမ်းပွဲနှစ်ပွဲ ကစားခဲ့ရာ တစ်ပွဲသရေ၊ တစ်ပွဲရှုံးနိမ့်ခဲ့သည်။ မြန်မာအသင်းသည် မေ ၂၄ ရက်က ကစားသည့် ခြေစမ်းပွဲတွင် ဟောင်ကောင်နှင့် ဂိုးမရှိသရေကျခဲ့ပြီး မေ ၂၇ ရက်က ကစားသည့်ခြေစမ်းပွဲတွင် ဘာရိန်းအသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။ မြန်မာအသင်းသည် ဘာရိန်းအသင်းကို အရေးနိမ့်ခဲ့သော်လည်း ခြေရည်တူကစားနိုင်ခဲ့ပြီး ပွဲပြီးခါနီးတွင် ပေးလိုက်ရသည့် နှစ်ဂိုးကြောင့်သာ အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် အန်တွမ်နီဟေးသည် ပဏာမကစားသမား ၂၇ ဦး ရွေးချယ်ထားပြီး ကစားသမားအနည်းငယ်သာ လျော့ချရမည်ဖြစ်သည်။  မြန်မာ့လက်ရွေးစင်အသင်းတွင် ဂိုးသမား- ကျော်ဇင်ဖြိုး၊ ပြည့်ဖြိုးသူ၊ ထွန်းနန္ဒဦး၊ နောက်တန်း - ကျော်ဇင်လွင်၊ ဝင်းမိုးကျော်၊ စိုးမိုးကျော်၊ ငြိမ်းချမ်း၊ ရဲမင်းသူ၊ ဒေးဗစ်ထန်း၊ ဟိန်းဖြိုးဝင်း၊ အောင်ဝဏ္ဏစိုး၊ ဇော်ရဲထွန်း၊ အလယ်တန်း- လှိုင်းဘိုဘို၊ ရန်နိုင်ဦး၊ အောင်နိုင်ဦး၊ လွင်မိုးအောင်၊ မောင်မောင်လွင်၊ ဆွမ်လန်မန်၊ မြတ်ကောင်းခန့်၊ ဟိန်းထက်အောင်၊ ထက်ဖြိုးဝေ၊ ရန်ကျော်စိုး၊ ဇော်ဝင်းသိန်း၊ အောင်မျိုးခန့်၊ ရှေ့တန်း- အောင်ကောင်းမာန်၊ သန်းပိုင်နှင့်  ဝင်းနိုင်ထွန်းတို့ ပါဝင်ကြသည်။

သတင်း-ကိုညီလေး
ဓာတ်ပုံ-MFF