ရန်ကုန်    ဒီဇင်ဘာ    ၂၁

ထိုင်းလိဂ်တွင်ကစားနေသည့် မြန်မာ့လက်ရွေးစင် အသင်းခေါင်းဆောင်   မောင်မောင်လွင်သည်    မြန်မာနေရှင်နယ်လိဂ်ကလပ် ရန်ကုန်ယူနိုက်တက်အသင်းသို့ အငှားစာချုပ်ဖြင့် ပြန်လည်ပြောင်းရွှေ့ ကစားမည်ဖြစ် သည်။

မောင်မောင်လွင်သည်  ထိုင်းလိဂ်-၁  ကလပ် လမ်ဖွန်ဝါရီယာအသင်းတွင် ကစားနေသူဖြစ်ပြီး ရန်ကုန်ယူနိုက်တက်အသင်းသို့ ငါးလအငှားစာချုပ်ဖြင့် ပြန်လည်ပြောင်းရွှေ့လာခြင်းဖြစ်သည်။ မောင်မောင်လွင်သည် ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲယှဉ်ပြိုင်ခဲ့သည့် မြန်မာ ယူ-၁၉ အသင်းမှ  ထွက်ပေါ်လာသူဖြစ်ပြီး ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို ဟံသာဝတီယူနိုက်တက်အသင်းတွင် စတင်ခဲ့ပြီး  ၂၀၁၈ ရာသီမှ ၂၀၂၀ ရာသီအထိ ရန်ကုန်ယူနိုက်တက်အသင်း၌ ကစားခဲ့ကာ ၂၀၂၁ ခုနှစ်တွင် ထိုင်းကလပ် လမ်ဖွန်ဝါရီယာအသင်းသို့ ပြောင်းရွှေ့ခဲ့ကာ ယင်းအသင်းတွင် ကာလရှည်ကစားနေခြင်းဖြစ်သည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ယခုရာသီတွင် MNL အမှတ်ပေးချန်ပီယံဆု ပြန်လည်ရယူနိုင်ရန် လိုအပ်သည့်ပြင်ဆင်မှုများ ပြုလုပ်နေခြင်းဖြစ်ပြီး ရာသီဝက်အတွက်  ပထမဆုံးခေါ်ယူမှုအဖြစ် မောင်မောင်လွင်အား အားဖြည့်ထားခြင်းဖြစ်သည်။ မောင်မောင်လွင်သည် ရန်ကုန်ယူနိုက်တက်အသင်းနှင့်အတူ ခြေစမ်းပွဲများတွင် ပါဝင်ကစားလျက်ရှိသည်။

သတင်း-သော်လေး

ဓာတ်ပုံ-YUFC