ရန်ကုန် ဒီဇင်ဘာ ၂၁

မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း(ချုပ်) နှစ်(၃ဝ)ပြည့် ဂုဏ်ပြုပွဲကို ယနေ့နံနက်ပိုင်းတွင် လှိုင်မြို့နယ်ရှိ အဆိုပါအသင်းချုပ် Function Hall ၌ ကျင်းပသည်။

ဦးစွာ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်ဥက္ကဋ္ဌ ဦးခင်မောင်ဌေးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်နှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းတို့က Video Message ပေးပို့၍ ဂုဏ်ပြုအမှာစကား ပြောကြားကြသည်။

ထို့နောက် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ် နာယက ဦးဟန်ဇော်က ဂုဏ်ပြုစကား ပြောကြားပြီး အထွေထွေအတွင်းရေးမှူးချုပ်က မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်၏ နှစ်(၃၀)ကာလအတွင်း ဆောင်ရွက်ခဲ့မှုနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် ၁၉၉၅ ခုနှစ်မှ ယနေ့အထိ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းဥက္ကဋ္ဌအဖြစ် တာဝန် ထမ်းဆောင်ခဲ့ကြသူများ၊ နှစ်(၃၀)ပြည့် အခမ်းအနား ကျင်းပရေးအတွက် မတည်အလှူရှင်များ၊ မဂ္ဂဇင်းဖြစ်မြောက်ရေးအတွက် အလှူရှင်များ၊ စာမူရှင်များနှင့် ပါဝင်ကူညီခဲ့သူများနှင့် မန္တလေးငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများအတွက် စစ်ဆေးတိုင်းတာမှု လုပ်ငန်းများ ပြန်လည်တည်ဆောက် ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသူများအား မှတ်တမ်း တင်ဂုဏ်ပြုလွှာများ ပေးအပ်သည်။

ဆက်လက်၍ အသင်းမှ တာဝန်ရှိသူများက မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ် စတင်ဖွဲ့စည်းစဉ်နှင့် အသင်းသက်တမ်း တစ်လျှာက် အတွေ့အကြုံများနှင့် မျက်မှောက်ကာလ အတွေ့အကြုံများကို မျှဝေဆွေးနွေးဟောပြောကြသည်။

မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းချုပ်သည် အင်ဂျင်နီယာ လောကသားများအတွက် ၁၉၉၅ ခုနှစ်မှစတင်ခဲ့သော မြန်မာနိုင်ငံ ကိုယ်စားပြုအသင်းတစ်ခုဖြစ်ပြီး ၂၀၂၅ ခုနှစ်တွင် နှစ်(၃၀)ပြည့်မြောက်ခဲ့ပြီဖြစ်ကာ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်၏ “အင်ဂျင်နီယာ စွမ်းအား ပြည်ထွန်းကား ဆောင်ပုဒ်နှင့်အညီ နိုင်ငံတော် တည်ဆောက်ရေး ကဏ္ဍများ၊ လူအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် Knowledge Sharing Program လုပ်ငန်းများ၊ သဘာဝဘေးအန္တရာယ် ကာကွယ် ကယ်ဆယ်ရေးလုပ်ငန်းများတွင် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ အစဉ်အမြဲ ဝိုင်းဝန်းပါဝင်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

 သတင်းစဉ်