နေပြည်တော် ၂၆ ဖေဖော်ဝါရီ
မြန်မာနိုင်ငံ တွင်းထွက်သယံဇာတလုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး လုပ်ငန်းစဉ် (Extractive Industries Transparency Initiative-EITI) များနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များသို့ မိတ်ဆက်ရှင်းလင်း တင်ပြခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် လွှတ်တော်သဘင်ဆောင်၌ ကျင်းပရာ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် တက်ရောက်အဖွင့်အမှာစကား ပြောကြားသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ EITI လုပ်ငန်းစဉ်များအား မိတ်ဆက်ရှင်းလင်း တင်ပြပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အတွက် ထုတ်ပြန်ထားသော မြန်မာနိုင်ငံ EITI ဒုတိယနှင့် တတိယအကြိမ် အစီရင်ခံစာများပါ ရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍ၊ သတ္တုနှင့်ပုလဲကဏ္ဍ၊ ကျောက်မျက်၊ ကျောက်စိမ်းကဏ္ဍ၊ အစီရင်ခံစာများပါ အကြံပြုချက်များကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် တက်ရောက်လာသော ကိုယ်စားလှယ်များက မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသော EITI လုပ်ငန်းစဉ်များ၊ EITI အစီရင်ခံစာများပါ အကြောင်းအရာများနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းကြရာ သုံးပွင့်ဆိုင် ညွန့်ပေါင်းအဖွဲ့ဝင်များက ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။
အခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ၊ သုံးပွင့်ဆိုင်ညွှန့်ပေါင်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ EITI ညှိနှိုင်းရေးမှူး၊ EITI သုံးပွင့်ဆိုင် ညွန့်ပေါင်းအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
(သတင်းစဉ်)


