ရန်ကုန် ၁၀ ဖေဖော်ဝါရီ
မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့သည် ၂၀၁၂ခုနှစ်တွင် ကင်းထောက်လုပ်ငန်းများကို ပြန်လည်ဖော်ဆောင်ခဲ့ပြီး မြန်မာကင်းထောက်အဖွဲ့၏ လျင်မြန်စွာတိုးတက်ပြောင်းလဲမှုများကို မှတ်တမ်းတစ်ခုအဖြစ် နိုင်ငံတကာ ကမ္ဘာ့ကင်းထောက်အဖွဲ့များ သိရှိနိုင်ရန်အတွက် ကမ္ဘာ့ကင်းထောက်အဖွဲ့ချုပ်မှ မှတ်တမ်းပြုစုရေးအဖွဲ့က မြန်မာနိုင်ငံသို့လာရောက်၍ မှတ်တမ်းပြုစုရိုက်ယူလျက်ရှိသည်။
ယနေ့နံနက်ပိုင်းက ပုစွန်တောင်မြို့ရှိ မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ချုပ်ရုံးတွင် ကမ္ဘာ့ကင်းထောက်အဖွဲ့ မှတ်တမ်းပြုစုရေးအဖွဲ့မှ Junior Manager Digital and Social Media Mr. Enrigue Leon နှင့် အဖွဲ့က မြန်မာနိုင်ငံကင်းထောက်အဖွဲ့ အမျိုးသားကင်းထောက်ချုပ် ဒေါက်တာ တင်ညို၊ ကင်းထောက် အစီအစဉ်မှူးချုပ် ဦးအေးကြိုင်နှင့် ကင်းထောက်ကြီးများအား တွေ့ဆုံမေးမြန်းကာ မြန်မာနိုင်ငံကင်းထောက်အဖွဲ့ လှုပ်ရှားမှုသမိုင်းများ၊ ဓာတ်ပုံများ၊ ဗီဒီယိုများနှင့် ယခုတိုးတက် ဖြစ်ပေါ်လျက်ရှိသော မြန်မာနိုင်ငံကင်းထောက်အဖွဲ့ လှုပ်ရှားဆောင်ရွက်မှုများကို ရိုက်ကူးမှတ်တမ်း ပြုစုသည်။
ဖေဖော်ဝါရီ ၉ ရက်က မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့နာယက အပါအဝင် ကင်းထောက်ကြီးများနှင့်လည်း တွေ့ဆုံမှတ်တမ်း ပြုစုခဲ့သည့်အပြင် ဆက်လက်ပြီး တက္ကသိုလ်ကောလိပ် ကင်းထောက်လှုပ်ရှားမှုများ၊ မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ်အဖြစ် ဖွင့်လှစ်လျက်ရှိသည့် ကင်းထောက်ငယ်သင်တန်း (Cub Scout) နှင့် အကြားအာရုံ ချို့ယွင်းသော မေရီချက်(ပ်)မင်း နားမကြားသော ကလေးများကျောင်း ကင်းထောက်အခြေခံ သင်တန်းများ သင်ကြားပို့ချမှုများ၊ ဖေဖော်ဝါရီ (၁၂)ရက်တွင် ကျရောက်သည့် ပြည်ထောင်စုနေ့တွင် ငြိမ်းချမ်းရေး၏ သံတမန်အဖြစ် တက္ကသိုလ် ကင်းထောက် လူငယ် (၃၀ဝ)နှင့် ကင်းထောက်ကြီးများစုပေါင်း၍ ကင်းထောက် အသိပညာများ အပြန်အလှန် နှီးနှောဖလှယ်မည့် "Myanmar Scout Update" စကားဝိုင်းဆွေးနွေးပွဲ များနှင့် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့နှင့် မြန်မာကလေးများနေ့အကြိုအဖြစ် ရန်ကုန်ပြည်သူ့ဆေးရုံကြီး ရှိ အမျိုးသားသွေးဌာနများတွင် တက္ကသိုလ်ကင်းထောက်များက သွေးလှူဒါန်းမှုများကိုလည်း တွေ့ဆုံ မေးမြန်း မှတ်တမ်းပြုစုရိုက်ကူးပြီး မြန်မာကင်းထောက်အဖွဲ့၏ တိုးတက်ပြောင်းလဲလှုပ်ရှားမှုများကို မှတ်တမ်းအဖြစ် ကမ္ဘာ့ကင်းထောက်အဖွဲ့မှ နိုင်ငံတကာကင်းထောက်အဖွဲ့အစည်း အသီးသီးသို့ ထုတ်လွှင့်ဖြန့်ချိပြသရန် စီစဉ်ထားကြောင်း သိရသည်။
(သတင်းစဉ်)


