ရန်ကုန် ၂၅ ဖေဖော်ဝါရီ
မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်အနေဖြင့် လူ့အခွင့်အရေးကို စိတ်ဝင်စားသော ပြည်သူများအတွက် လူ့အခွင့်အရေး အခြေခံသင်တန်းအမှတ်စဉ် (၁)ကို ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ ပြည်လမ်း၊ ခြောက်မိုင်ခွဲ၊ အမှတ်(၂၇) ရှိ အဆိုပါ ကော်မရှင်ရုံး၌ ယနေ့နံနက်မှစတင်ကာ နှစ်ပတ်ကြာဖွင့်လှစ်၍ သင်ကြားပို့ချပေးလျက်ရှိသည်။
မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြက``ဒီသင်တန်းကို ပထမဆုံးအကြိမ် ဖွင့်လှစ်တာပါ။ စိတ်ပါဝင်စားသူတိုင်း တက်လို့ရပါတယ်။ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီဆိုတာ ဒွန်တွဲပြီး သွားနေတာဖြစ်လို့ လူ့အခွင့်အရေးကို ကျယ်ကျယ်ပြန်ု့ပြန့်သိရှိလာအောင် အခုလို ဆောင်ရွက်ခြင်းပဲဖြစ်ပါတယ်။ လူ့အခွင့်အရေးကိုသိမယ်၊ စိတ်ဝင်စားမယ်ဆိုရင် ဒီမိုကရေစီတည်ဆောက်ရေးအတွက် အများကြီး အထောက်အကူ ဖြစ်စေမှာဖြစ်ပါတယ်´´ ဟုပြောသည်။
အဆိုပါ သင်တန်းကို အခမဲ့သင်ကြားပို့ချပေးခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၂၅ ရက် (ယနေ့)မှ မတ် ၈ ရက်အထိ နှစ်ပတ်ကြာ သင်ကြားပို့ချပေးလျက်ရှိရာ သင်တန်းသား၊ သင်တန်းသူ ၅၂ ဦးတက်ရောက်လျက်ရှိသည်။
သင်တန်းသူ တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းစန်းမြင့် က ``လူ့အခွင့်အရေးဆိုတာ လူတန်းစားအားလုံနဲ့ သက်ဆိုင်တဲ့ အခွင့်အရေးတစ်ခုဖြစ်တယ်။ ဒါ့ကြောင့် ကျွန်မတို့ ကိုယ်တိုင်လည်း ကျယ်ကျယ်ပြန့်ပြန့် ထဲထဲဝင်ဝင်သိချင်တယ်။ သိရှိလာတာတွေကိုလည်း အများပြည်သူကို ပြန်လည်ဖြန့်ဝေချင်တဲ့အတွက် အခုလို လာတက်တာပါ။ ရလာတဲ့ အသိတွေကို လူထုထဲမှာကျယ်ကျယ်ပြန့်ပြန့် ဆက်လက်ပြီး ဆောင်ရွက်သွားနိုင်မယ်ဆိုရင် သင်တန်းဖွင့်တဲ့ ရည်ရွယ်ချက်လည်းအောင်မြင်မယ်။ တိုင်းပြည် အတွက်လည်း အများကြီး အကျိုးရှိမယ်လို့ မြင်ပါတယ်´´ ဟုပြောသည်။
လူ့အခွင့်အရေးကို မှန်ကန်စွာသိရှိနားလည်ပြီး လူ့အခွင့်အရေးများနှင့် အခြေခံလွတ်လပ်ခွင့်များအပေါ် လေးစားလိုက်နာကျင့်သုံးလာနိုင်စေရန်၊ နိုင်ငံသားတိုင်း လူ့အခွင့်အရေးအများကို လေးစားလိုက်နာ ကျင့်သုံးခြင်းဖြင့် လူ့အခွင့်အရေးစံနှုန်းများ မြင့်မားသောလူ့ဘောင်ပေါ်ထွန်းရေးကို အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ အဆိုပါ သင်တန်းကိုဖွင့်လှစ်ခြင်းဖြစ်သည်။
သင်တန်းတွင် လူ့အခွင့်အရေး အခြေခံအနှစ်သာရနှင့် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း အပါအဝင် စုစုပေါင်း ဘာသာရပ် (၁၇) ခုကို ကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ အရပ်ဖက်လူမှုအဖွဲ့ အစည်းမှ ဘာသာရပ်ကျွမ်းကျင်သူများက ပို့ချပေး သွားမည်ဖြစ်သည်။
အလားတူ သင်တန်း အမှတ်စဉ်(၂) ကို မတ် ၂၅ ရက်မှ ဧပြီ ၈ ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင် အနေဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးရှိ အစိုးရအဖွဲ့အစည်းများနှင့် ပြည်သူ့ ဝန်ထမ်းများ၊ တိုင်းရင်းသား ပြည်သူများကိုလည်း ပညာပေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိပြီး ကော်မရှင်၏ အဓိက လုပ်ငန်းစဉ်ဖြစ်သည့် လူ့အခွင့်အရေး မြှင့်တင်ရေး နှင့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ရဲထွဋ်


