မောင်ငြိမ်းသူ(ကြို့ပင်ကောက်)

 

မြန်မာနိုင်ငံစာရေးဆရာအသင်းက စာဆိုတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် အစဉ်အလာမပျက် နှစ်စဉ် ကျင်းပခဲ့သော သက်ကြီးစာပေပညာ ရှင်ကြီးများ ပူဇော်ကန်တော့ပွဲကို   ၂ဝ၂၄ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပ ရန်စီစဉ်နေကြလေပြီ။

 

နှစ်စဉ်ကျရောက်လေ့ရှိသော နတ်တော် လဆန်း ၁ ရက်နေ့ကို “အမျိုးသားစာဆိုတော် နေ့”အဖြစ်   ၁၃ဝ၆ ခုနှစ်မှ စတင်သတ်မှတ်၍ စာပွဲသဘင်များ  ဆင်ယင်ကျင်းပလာခဲ့ရာ   ယခု ၁၃၈၆ ခုနှစ်တွင် အကြိမ် (၈၀)မြောက်ခရီးသို့ ရောက်ခဲ့လေပြီ။

 

ရှေးမြန်မာမင်းများလက်ထက်ကပင် နတ်တော်လရောက်တိုင်း ထူးချွန်ထက်မြက်ကြသော စာဆိုတော်ကြီးများကို  ဘွဲ့ထူးဂုဏ်ထူးများပေးအပ် ချီးမြှင့်ခဲ့ကြကာ ဂုဏ်ပြုအမွှမ်းတင်ခဲ့ကြသည်။ စာပေသည် အမျိုးသားယဉ်ကျေးမှုအမွေဖြစ်သဖြင့် အမျိုးသားယဉ်ကျေးမှုအမွေစာပေကို ပြုစုရေးသား လက်ဆင့် ကမ်းခဲ့ကြသော စာပေပညာရှင်ကြီးများကို  စာဆိုတော်နေ့တိုင်းတွင် အမြဲတမ် ဂုဏ်ပြု ချီးမြှင့်ခဲ့ကြပါသည်။

 

အမြင့်ဆုံးစာပေဆု

ယနေ့ခေတ်ကာလ အခါသမယမှာလည်း နှစ်စဉ်နတ်တော်လဆန်း ၁ ရက်နေ့ရောက်တိုင်း စာဆိုတော်နေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတော်၏ အမြင့်ဆုံးစာပေဆုဖြစ်သော “အမျိုးသားစာပေ တစ်သက်တာစာပေဆု ” ပေးအပ်ချီးမြှင့်ပွဲအပြင် “အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု”ကိုပါ ပေးအပ်ချီးမြှင့်နေခဲ့ရာ စာပေလောကသားအားလုံး အတွက် မင်္ဂလာအခါတော်နေ့ထူးနေ့မြတ် ဖြစ်နေပါသည်။

 

စာဆိုတော်နေ့ဝန်းကျင်တွင် ပခုက္ကူဦးအုံးဖေ စာပေဆု၊ ထွန်းဖောင်ဒေးရှင်းစာပေဆု၊  ဆရာဝန် တင်ရွှေစာပေဆု၊ သုတစွယ်စုံစာပေဆု၊ စိမ်းလန်း ရွှေပြည်စာပေဆု၊ ရွှေအမြုတေစာပေဆုများအပြင် ဓမ္မစာပေဆုများ၊  ဌာနဆိုင်ရာများနှင့် ပုဂ္ဂလိက အသင်းအဖွဲ့များ၏ အထိမ်းအမှတ်စာပေဆုများ၊ ဂျပန်ရှန်တီ ကလေးစာပေ ဆုများကိုလည်း ပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။

 

မြန်မာစာပေလောကသားတို့၏ “စာဆိုတော် နေ့” သည် သုတရသစာပေရေးရာအဖြာဖြာရေးသား ခဲ့ကြသည့် စာရေးဆရာကြီး စာရေးဆရာမကြီး၊ စာပေပညာရှင်ကြီးများ အမြတ်တနိုးတန်ဖိုးထား ဂုဏ်ယူနေကြရသည့် နေ့ထူးနေ့မြတ်ကြီး ဖြစ်ပါသည်။

 

ကမ္ဘာပေါ်ရှိနိုင်ငံတိုင်း၏ သမ္မတကြီးများ၊ စစ်ဗိုလ်ချုပ်ကြီးများ၊ သိပ္ပံ၊ ဝိဇ္ဇာပညာရှင်ကြီးများ၊ စွန့်ဦးတီထွင် စွမ်းအားရှင်ကြီးများ ဖြစ်နိုင်ကြသော်လည်း စာရေးဆရာစစ်စစ်၊ သတင်းစာဆရာ စစ်စစ်၊ အယ်ဒီတာချုပ်နှင့် အယ်ဒီတာစစ်စစ်ဖြစ်နိုင် ခြေကား အလွန်ပင်ရှားပါးခက်ခဲလှပေရာ စာရေးဆရာကြီး၊ ငယ်အပါအဝင် စာပေလောကသား အားလုံးကို အလေးအမြတ်အသိအမှတ်ထား ဂုဏ်ပြု အမွှမ်းတင်ရာ မော်ကွန်းတင်ရာ “စာဆိုတော်နေ့” ကိုကား စာပေပညာရှင်စစ်စစ် စာပေလောကသားတိုင်းက ချစ်ခင်နှစ်သက်၊ စွဲမက်အားထား လေးစား ဂုဏ်ပြုနေကြပါသည်။

 

ဤသည်ကို မြန်မာနိုင်ငံစာရေးဆရာအသင်း ကြီးက မမေ့မလျော့သောအသိ၊ သတိဖြင့် စာပေတာဝန်များကို ကျေပွန်စွာထမ်းရွက်ခဲ့ကြသော “နှလုံးရည်တပ်သားသူရဲကောင်းသက်ကြီးစာပေ ပညာရှင်ကြီးများ”ကို နှစ်စဉ်ပူဇော်ကန်တော့နေခဲ့ရာ ယခုနှစ်သည် (၃၇) ကြိမ်မြောက် ပူဇော်ကန်တော့ပွဲ ဖြစ်ပါသည်။ ၂၀၁၉ ခုနှစ်တွင် (၃၄) ကြိမ်မြောက် ပူဇော်ကန်တော့ပွဲကျင်းပခဲ့ပြီး ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်ကြောင့် မလွှဲရှောင်သာဘဲ နှစ်နှစ်ရပ်နား နေခဲ့ရပါသည်။

 

ပထမအကြိမ်စတင်ပူဇော်ကန်တော့ခဲ့သည့်အဖွဲ့က “မြန်မာနိုင်ငံ စာပေလုပ်သားအဖွဲ့ကြီး” ဖြစ်ပါသည်။ မြန်မာနိုင်ငံ စာပေလုပ်သားအဖွဲ့ကြီး၏ ဦးဆောင်သူ၊ ရှေးဦးပြုစုပျိုးထောင်သူမှာ “ဆရာကြီး မင်းသုဝဏ်” ဖြစ်ပါသည်။ ဆရာကြီးဦးဝန် (မင်းသုဝဏ်)ဥက္ကဋ္ဌ၊ ဦးထင်ကြီး(တက္ကသိုလ် ထင်ကြီး) အတွင်းရေးမှူးအဖြစ် ပါဝင်သော “စာပေ လုပ်သားအဖွဲ့ ဖြစ်မြောက်ရေးကော်မတီ”သည် ၁-၁၂-၁၉၆၆ ရက်နေ့မှ ၃၁-၅-၁၉၇၆ ရက်နေ့အထိ ၁၀ နှစ်ကျော် လှုပ်ရှားကြိုးစားခဲ့ကြပါသည်။ ထို့နောက် “စာပေလုပ်သားအဖွဲ့ စည်းရုံးရေး ကော်မတီ”ကို ၁-၆-၁၉၇၆ ရက်နေ့တွင် ပြောင်းလဲ ဖွဲ့စည်းပေးခဲ့ပြီး ၁၉၈၀ ပြည့်နှစ်တွင် “မြန်မာနိုင်ငံ စာပေလုပ်သားအဖွဲ့”ကို ဖွဲ့စည်းနိုင်ခဲ့ပါသည်။ ၁၉၈၈ ခုနှစ် အရေးအခင်းကာလနောက်ပိုင်းတွင် “စာပေလုပ်သားအဖွဲ့” အစား “စာပေနှင့် စာနယ်ဇင်း အဖွဲ့”ဟူ၍ ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ ခေတ်စနစ် နှင့်အညီ ၂၀၁၂ ခုနှစ်တွင် “မြန်မာနိုင်ငံ စာရေး ဆရာအသင်း”အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။

 

ပြောင်းလဲဖွဲ့စည်းခဲ့ကြရာတွင် စာပေလုပ်သားအဖွဲ့၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်း၊ ဘဏ္ဍာရေးစည်းမျဉ်းများကို အခြေခံကာ ခေတ်စနစ်နှင့်အညီ ပြင်ဆင်ဖြည့်ဆည်းခဲ့ကြပြီးမှ အမည်နာမ ပြောင်းလဲ သတ်မှတ်ခဲ့ကြခြင်းဖြစ်ပါသည်။ တကယ်တော့ မြန်မာနိုင်ငံစာရေးဆရာအသင်း၏ အစ မြစ်ဖျားခံရာသည် “မြန်မာနိုင်ငံစာပေလုပ်သားအဖွဲ့ကြီး” ဖြစ်ပါသည်။ တစ်နည်းအားဖြင့် “ဆရာကြီး မင်းသုဝဏ် ပျိုးထောင်ပေးခဲ့သော စာပေလုပ်သားအဖွဲ့ကြီး၏ မျိုးဆက်သစ်မြန်မာနိုင်ငံစာရေးဆရာအသင်းကြီး”၏ သက်တမ်းမှာ ၅၈ နှစ်ခန့် သက်တမ်းရှည်ကြာခဲ့လေပြီ။

 

နှစ် ၈၀ သက်တမ်း စိန်ရတုခရီး

ဤနေရာတွင် “မြန်မာနိုင်ငံ စာရေးဆရာ အသင်း၏သက်တမ်း” ကိုခွဲခြမ်းစိတ်ဖြာ ဆန်းစစ် ကြည့်ပါက လွတ်လပ်ရေးမရသေးမီ နယ်ချဲ့လက်အောက် ၁၉၄ဝ ပြည့်နှစ်ကတည်းက ဒီးဒုတ် ဦးဘချိုဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သော “မြန်မာနိုင်ငံစာရေးဆရာအသင်းကြီး” (ပထမပိုင်း) ၁၉၄၀ မှ ၁၉၆၂ အထိ ၂၂နှစ်၊ (ဒုတိယပိုင်း) ၁၉၆၆ မှ ၂၀၂၄ အထိ ၅၈ နှစ် စုစုပေါင်း နှစ် ၈၀ သက်တမ်း စိန်ရတုခရီးကို ကျော်လွန် လာခဲ့သည်အထိ ရှင်သန်ရပ်တည်ရှည်ကြာလာခဲ့လေပြီ။ သမိုင်းအစဉ်အလာ သည်လည်း ကောင်းသည်ထက် ကောင်းမွန်လာခဲ့လေပြီ။

 

မြန်မာနိုင်ငံ စာပေလုပ်သားအဖွဲ့ကြီး၏ အစဉ်အလာကောင်းများကို မြန်မာနိုင်ငံစာရေးဆရာ အသင်းကြီးက ဆက်လက်ထိန်းကျောင်းသည့် အနေဖြင့် “အသက် ၈ဝ နှစ်နှင့် ၈၀ နှစ်အထက် သက်ကြီးစာပေပညာရှင်ကြီးများ ပူဇော်ကန်တော့ ပွဲ”ကို နှစ်စဉ်မပျက် ဆက်လက်ကျင်းပနေခဲ့ပါသည်။ မြန်မာနိုင်ငံ စာပေလုပ်သားအဖွဲ့ကြီးက ရှေးဦးစွာရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သက်ကြီးစာပေ ပညာရှင်ကြီးများကိုသာ တနိုင်တမပူဇော်ကန်တော့ ခဲ့ရာ ၁၉၈၀ ပြည့်နှစ်မှ ၁၉၈၇ ခုနှစ်အထိ ရှစ်ကြိမ် တိတိ ပူဇော်ကန်တော့ခံပါသည်။

 

ထိုသို့ပူဇော်ကန်တော့နေခဲ့ရာမှ ၁၉၈၈ ခုနှစ် အရေးအခင်းကြောင့် ရပ်တန့်သွားခဲ့ရပါသည်။ မြန်မာနိုင်ငံ စာပေလုပ်သား အဖွဲ့ကြီးကိုလည်း ခေတ်စနစ်နှင့်လျော်ညီစွာ “မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့ကြီး” အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းခဲ့ရပါသည်။ ထို့ကြောင့်သက်ကြီးစာပေပညာရှင်ကြီးများ ပူဇော်ကန်တော့ပွဲကို ခြောက်နှစ်တိတိ မကျင်းပနိုင်ခဲ့ဘဲ စာပေလုပ်သားများကို စာပေနှင့် စာနယ်ဇင်းအဖွဲ့ဝင်များအဖြစ်သို့ ပြန်လည် စုစည်းရေးကိုသာ အလေးထားဆောင်ရွက်ခဲ့ကြရပါသည်။

 

စာပေနှင့် စာနယ်ဇင်းအဖွဲ့ကြီးအဖြစ်သို့ ပြောင်းလဲဖွဲ့စည်းခါစ ၁၉၉၄ ခုနှစ်နှင့် ၁၉၉၅ ခုနှစ် တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ သက်ကြီး စာပေပညာရှင်ကြီးများကိုသာ ပူဇော်ကန်တော့နိုင်ခဲ့ ပါသည်။ ၁၉၉၆ ခုနှစ်မှစ၍ တစ်နိုင်ငံလုံးရှိအဖွဲ့ဝင် သက်ကြီးစာပေပညာရှင်ကြီးများနှင့် ထင်ရှား ကျော်ကြားသော သက်ကြီးစာပေပညာရှင်ကြီးများကို ပူဇော်ကန်တော့ခဲ့ရာ ယနေ့အထိ နှစ်စဉ်မပျက်ဆက်တိုက်ဦးခိုက် ပူဇော်ကန်တော့လျက်ပင် ရှိပါသည်။

 

သက်ကြီးကန်တော့ခံ ၂၄၅ ဦးအထိ ရှိလာခဲ့

သက်ကြီးစာပေပညာရှင်ကြီးများ ပူဇော်ပွဲ စတင်ခါစက ၁၀ ဦးသာရှိခဲ့သော်လည်း တစ်နှစ်ထက် တစ်နှစ်တိုးပွား များပြားလာခဲ့ရာ ၁၉၉၉ ခုနှစ်တွင် ၁ဝ၈ ဦးအထိ ရှိလာခဲ့ပါသည်။ နှစ်စဉ် ဦးရေ ၂၀ ကျော် တိုးပွားလာခဲ့ရာမှ ၂၀၁၁ ခုနှစ်တွင် ဦး ၃၀ ကျော်အထိ တိုးပွားလာခဲ့ပါသည်။ ၂၀၁၆ ခုနှစ်တွင် ပူဇော်ကန်တော့ခံ သက်ကြီးစာပေပညာရှင်ကြီးများ ၂ဝဝ အထိ ရှိလာပါသည်။

 

ပူဇော်ကန်တော့ခံ သက်ကြီးစာပေပညာရှင်ကြီးများထဲမှ နှစ်စဉ် ဦးရေ ၂၀ ခန့် ကွယ်လွန်သွားကြသော် လည်း အသက် ၈၀ ထဲ ဝင်ရောက်လာကြသူများက ဦးရေ ၂ဝ ကျော်ရှိနေခဲ့ရာ တစ်နှစ်ထက်တစ်နှစ် အရေအတွက်များလာမှာ သေချာနေပါသည်။ ၂၀၁၆ ခုနှစ်က ၁၈ ဦး ကွယ်လွန်သွားခဲ့ကြပြီး ၃၄ ဦး တိုးလာခဲ့ပါသည်။၂၀၁၇ ခုနှစ် တွင် ၁၃ ဦး ကွယ်လွန် သွားခဲ့ပြီး ၂၇ ဦး တိုးလာခဲ့ပါသည်။ ၂၀၁၈ ခုနှစ်တွင် ၂၄ ဦး ကွယ်လွန်ခဲ့ကြပြီး ၅၃ ဦးတိုးလာခဲ့ရာ သက်ကြီးကန်တော့ခံ ၂၄၅ ဦး အထိ ရှိလာခဲ့ပါသည်။

 

၂၀၁၉ ခုနှစ်တွင် ၁၃ ဦးကွယ်လွန်သွားခဲ့ကြပြီး ၄၆ ဦးတိုးလာခဲ့ရာ ကန်တော့ခံစာပေပညာရှင်ကြီး ၂၇၆ ဦးအထိ ရှိလာခဲ့ပါသည်။ သို့သော် ၂၀၂၀ ပြည့်နှစ်နှင့် ၂ဝ၂၁ ခုနှစ် နှစ်နှစ်နှင့် ၂ဝ၂၂ ခုနှစ် အတွင်းတွင် ကန်တော့ခံစာပေပညာရှင်ကြီး ၉၄ ဦး ကွယ်လွန်သွားခဲ့ကြပါသည်။ ၂ဝ၂၂ ခုနှစ်တွင် ကန်တော့ခံ သက်ကြီးစာပေပညာရှင် ၂၄၆ ဦးခန့် ရှိခဲ့ပါသည်။ ၂၀၂၃ ခုနှစ်တွင် ကန်တော့ခံသက်ကြီး စာပေပညာရှင် ၂၅ ဦး ကွယ်လွန်သွားခဲ့ပြီး ၅၅ ဦး တိုးပွားလာခဲ့ရာ ကန်တော့ခံသက်ကြီးစာပေပညာ ရှင် ၂၇၆ ဦးခန့် ရှိခဲ့ပါသည်။ ယခု ၂၀၂၄ ခုနှစ်တွင် သက်ကြီးစာပေပညာရှင် ဦးရေ ၃၀ ကွယ်လွန်သွား ခဲ့ပြီး လေးဦးကင်းကွာနေခဲ့ပါသည်။ အသစ် ၃၄ ဦး တိုးပွားလာသဖြင့် ကန်တော့ခံ ၂၇၆ ဦး ရှိနေပါသည်။

 

မြန်မာသက္ကရာဇ် ၁၃၇၃ ခုနှစ် (၂၀၁၁ ခုနှစ်) အထိ၊ မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့က ပူဇော် ကန်တော့ခဲ့ပြီး ၁၃၇၄ ခုနှစ် (၂၀၁၂ ခုနှစ်) မှ စတင်၍ ယခုနှစ်အထိ မြန်မာနိုင်ငံစာရေးဆရာအသင်းက စဉ်ဆက်မပြတ်ဆက်လက်၍ ပူဇော်ကန်တော့ခဲ့ပါသည်။ စာပေလုပ်သားအဖွဲ့ကြီးက ရှစ်ကြိမ်၊ စာပေနှင့် စာနယ်ဇင်းအဖွဲ့ကြီးက (၁၈) ကြိမ်၊ စာရေးဆရာ အသင်းကြီးက ယခုနှစ်အပါအဝင် (၁၁) ကြိမ် စုစုပေါင်း (၃၇) ကြိမ် ရှိပေတော့မည်။ စာပေလုပ်သား အဖွဲ့၊ စာပေနှင့် စာနယ်ဇင်းအဖွဲ့၊ စာရေးဆရာ အသင်းဟူ၍ အဖွဲ့အစည်းအမည်များကို ခေတ်စနစ် အခြေအနေအရ ပြောင်းလဲလာခဲ့ရသော်လည်း အသွင်သဏ္ဌာန်နှင့် အနှစ်သာရရော ရည်ရွယ်ချက် နှင့်လုပ်ငန်းစဉ်များပါ အတူတူပင်ဖြစ်သည်။

 

အသက်အကြီးဆုံး ကန်တော့ခံစာပေပညာရှင်ကြီးများ

ယခုနှစ်ကန်တော့ခံကြမည့် သက်ကြီးစာပေပညာရှင်ကြီးများထဲတွင် အသက်အကြီးဆုံး ကန်တော့ခံ စာပေပညာရှင်ကြီးမှာ အမျိုးသားစာပေ တစ်သက်တာစာပေဆုရ အလင်္ကာကျော်စွာ ဦးလေးမြိုင် (လေးမြိုင်) (၁ဝ၁)နှစ်ဖြစ်ပြီး သက်ကြီး သတင်းစာဆရာကြီးမှာ ဦးဆိုက်ကျင် (၁ဝ၅)နှစ် ဖြစ်ပါသည်။

 

မြန်မာနိုင်ငံ စာရေးဆရာအသင်းအနေဖြင့် သက်ကြီးစာပေပညာရှင်ကြီးများကို အစဉ်အလာမပျက် နှစ်စဉ် ဆက်လက်ပူဇော်ကန်တော့နေရာ၌ အသင်းကြီးမှာ ရန်ပုံငွေ (တစ်နည်းအားဖြင့်) ဘဏ္ဍာငွေ တောင့်တင်းနေသောကြောင့် မဟုတ်ပါ။ သက်ကြီးစာပေပညာရှင်ကြီးများသည် နိုင်ငံနှင့် လူမျိုးအကျိုးကို တတ်ကျွမ်းသည့်စာပေဖြင့် တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့ကြသော နှလုံးရည်တပ်သားကောင်းများ ဖြစ်ခဲ့ကြသည့် အပြင် ဂုဏ်နှင့်အသက်အရွယ်အားဖြင့် ကြီးမြတ်သူများအဖြစ် ရည်မျှော်ကော်ရော်ကာ ပူဇော်ကန်တော့နေကြခြင်း ဖြစ်သည်။

 

စီးပွားရေးအသင်းအဖွဲ့ မဟုတ်သောကြောင့် ဘဏ္ဍာငွေအင်အားနည်းနေသည်ဖြစ်ရာ ပူဇော် ကန်တော့ရန်အတွက် ငွေသားအလှူရှင်များနှင့် ပစ္စည်းအလှူရှင်များထံမှ နှစ်စဉ်မေတ္တာရပ်ခံပြီး ဖြည့်ဆည်း ကန်တော့နေကြရပါသည်။ နိုင်ငံတော်၏ အမြင့်ဆုံးအဆင့်မှသည် ဝန်ကြီးဌာနများ၊ ပြည်သူ့လွှတ်တော်၊ နိုင်ငံရေးပါတီများ၊ ပုဂ္ဂလိကစာပေဆုချီးမြှင့်ရေးကော်မတီများ၊ မြန်မာနိုင်ငံစာကြည့်တိုက် ဖောင်ဒေးရှင်း၊ သတင်းမီဒီယာကောင်စီ၊ ညီနောင်အသင်းအဖွဲ့များ၊ မြို့နယ်စာရေးဆရာအသင်းများ၊ ကုမ္ပဏီများ၊ စာပေတိုက်များ၊ တစ်ဦးချင်းစေတနာရှင်များ၏ လှူဒါန်းငွေများ၊ လှူဖွယ်ပစ္စည်းများဖြင့် ပူဇော်ကန်တော့နေခဲ့ရာ၌ စာရေးဆရာအသင်းက လိုအပ်ငွေလေးပုံတစ်ပုံခန့်ကို နှစ်စဉ်စိုက်ထုတ်သုံးစွဲ ကုန်ကျနေခဲ့ပါသည်။

 

စေတနာရှင်အလှူရှင်များ၏ လှူဒါန်းငွေကို အခြေခံပြီး စာရေးဆရာအသင်းက ဖြည့်ဆည်း နိုင်သည့် ငွေပမာဏကို တွက်ဆကာ ကန်တော့ခံ သက်ကြီးစာပေပညာရှင်ကြီးများကို ထိုက်သင့်အားလျော်စွာ ကန်တော့နိုင်ရန် စီမံခန့်ခွဲကြရပါသည်။ ထို့ကြောင့် အသက် (၈၀) နှစ်အထက် အသင်းဝင်တိုင်းကို စေတနာထားကာ ပူဇော်ကန်တော့ချင်ပါသော်လည်း ဝန်နှင့်အားကမမျှသောကြောင့် အားမသန်၍ မာန်လျှော့နေခဲ့ကြရပါသည်။

 

မြန်မာနိုင်ငံစာရေးဆရာအသင်းက သက်ကြီး စာပေပညာရှင်ကြီးများကို နှစ်စဉ်ပူဇော်ကန်တော့ နေခဲ့ရာတွင် “သက်ကြီးစာပေပညာရှင်ဟူသော စာပေစံ၊ အခြေခံမူများ”ကို သတ်မှတ်ကာ အစဉ်အလာ၊ စာပေဝါ၊ သမ္ဘာ၊ စာပေဂုဏ်သိက္ခာရှိကြသူများ ကို မူဘောင်နှင့်အညီ စိစစ်ရွေးချယ်ပူဇော်ကန်တော့ နေခြင်းဖြစ်ပါသည်။

 

စာပေပညာရှင်ကြီးများ၏ အတ္ထုပ္ပတ္တိစာအုပ်များ

ထိုသို့ စိစစ်ရွေးချယ် ပူဇော်ကန်တော့ခဲ့ရာတွင် ပါတီစွဲ၊ ဂိုဏ်းစွဲ၊ အဖွဲ့စွဲများနှင့် နိုင်ငံရေးအယူအဆ အမျိုးမျိုးကို ဥပေက္ခာပြုလျစ်လျူရှုကာ စာပေလောကသားအားလုံး၏ အကျိုးအတွက် စွမ်းဆောင်နိုင်သမျှ အကျိုးပြု ပူဇော်ကန်တော့နေခြင်းဖြစ်ပါသည်။ ဤသည်ကို နှစ်စဉ်ကန်တော့ခံခဲ့ကြရသည့် စာပေပညာရှင်ကြီးများ၏ အတ္ထုပ္ပတ္တိစာအုပ်များက ခိုင်မာစွာသက်သေခံနေကြပါသည်။

 

မြန်မာနိုင်ငံ စာရေးဆရာအသင်းအနေဖြင့် ကန်တော့ခံစာပေပညာရှင်ကြီးများ စာရင်းကို မြို့နယ်အသင်းများသို့ နှစ်စဉ်တောင်းခံပြုစုခဲ့ရာတွင် “သက်ကြီးစာပေပညာရှင်ဟူသော စာပေစံအခြေခံမူများ” နှင့် ကိုက်ညီသူများ ကိုသာ ပေးပို့ကြရန်နှင့် “အသင်းဝင်သက်ကြီးရွယ်အိုများကို ပူဇော် ကန်တော့နေခြင်း မဟုတ်ကြောင်း” အမြဲတမ်း ကြိုတင်ရှင်းလင်းနေခဲ့ပါသည်။ သို့သော် သတ်မှတ်စာပေစံအခြေခံမူများနှင့် မကိုက်ညီသဖြင့် ရွေးချယ် ခြင်းမခံရသူအချို့က တစ်ဖက်သတ်အဆိုးမြင်ပြီး ငြိုငြင်ပြစ်တင်ကြလေ့ရှိပါသည်။ အချို့ကလည်း ကန်တော့ခံ အသစ်များကို စိစစ်ရွေးချယ်ပြီးမှ ဆက်သွယ်လာခဲ့ရာ မလွှဲမရှောင်သာဘဲ ချန်လှပ်ထားခဲ့ရသည်များလည်း ရှိခဲ့ပါသည်။ အချို့ကလည်း အသင်းကသတ်မှတ်ထားသော စာပေစံအခြေခံမူများကို လုံးဝမသိဘဲ ဝါးလုံးရှည်ဖြင့် ရမ်းကားပြစ်မှားနေကြပါသည်။ သည်ကြားထဲ အသင်းဝင်မဟုတ်သူ အချို့ကလည်း ယိုသူမရှက် မြင်သူရှက်ဖွယ် ကောင်းအောင် ဒေါင်းယောင်ဆောင်ပြနေကြပါသည်။ စပျစ်သီးချဉ်နေကြပါသည်။ “အများအကြိုက်၊ ဆယ်ခါလိုက်လည်း၊ မလိုက်တစ်ခါ၊ ရှိခဲ့ပါမူ၊ ကြီးစွာရန်သူ၊ စွဲမှတ်ယူ၏”ဟူသော လင်္ကာကဲ့သို့ပင် ကိုယ့်လိုဘ မပြည့်ရသူများ၏ အမုန်းဒဏ်ကို နှစ်စဉ်ခံနေခဲ့ကြရ ပါသည်။

 

“အများအကျိုး၊ ရွက်သယ်ပိုးက၊ ခနိုးခနဲ့၊ ဆိုကဲ့ရဲ့လည်း၊ မရွဲ့မစောင်း၊ ကိုယ့်လမ်းကြောင်းကို၊ စိတ်ကောင်းနှင့်ယှဉ်၊ ရှေးရှုနှင်လော့” ဟူသော “စစ်ကိုင်းရွှေဟင်္သာ ဆရာတော်ဘုရားကြီး”၏ ဩဝါဒကို ဦးထိပ် ပန်ဆင်ကာ နှစ်စဉ်မပျက် ဆက်လက်ပူဇော်ကန်တော့ခဲ့ရာ အောင်မြင်တိုးတက်မှုရှိခဲ့ပြီး (၃၇)ကြိမ် မြောက်ခရီးသို့ ရောက်ခဲ့လေပြီ။

 

ယခု(၃၇)ကြိမ်မြောက် သက်ကြီးစာပေပညာရှင်ကြီးများ ပူဇော်ကန်တော့ပွဲကို ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ရန်ကုန်မြို့တော်ခန်းမ၌ ယခင်နှစ်များသကဲ့သို့ စာပေလောကသားများစုံညီစွာဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ရာ ကန်တော့ခံ သက်ကြီးစာပေပညာရှင် ၂၇၆ ဦး အတွက် ထက်သန်သော စေတနာမွန်ဖြင့် အလှူငွေများနှင့် ကန်တော့ဖွယ်ရာပစ္စည်းများကို မြန်မာနိုင်ငံစာရေးဆရာအသင်းကြီးသို့ ဆက်သွယ် လှူဒါန်းကြပါရန်နှင့် ကန်တော့ပွဲအခမ်းအနားသို့ ဝမ်းပန်းတသာ သဒ္ဓါကြည်ညိုစွာဖြင့် တက်ရောက် ကုသိုလ်ယူကြပါရန် ဆန္ဒမွန်ပြုလိုက်ရပါသည်။