ရန်ကုန် ဒီဇင်ဘာ ၇

 

မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း (၃၃)ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်းရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် မင်္ဂလာခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်း၊ အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်နှင့် တာဝန်ရှိသူများ၊ ညီနောင်အသင်းများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင် များအသင်း စီမံခန့်ခွဲရေးကော်မတီဝင်၊ ဗဟိုအလုပ်အမှုဆောင်၊ အလုပ်အမှုဆောင် ကော်မတီဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် သဘာပတိ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဆန်းလင်းက နှုတ်ခွန်းဆက်စကား ပြောကြားပြီး တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်နှင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်းတို့က အမှာစကားပြောကြားသည်။

 

ထို့နောက် ၂၀၂၄-၂၀၂၅ နှစ်ပတ်လည် အစီရင်ခံစာနှင့် နှစ်ချုပ်ငွေစာရင်းရှင်းတမ်းကို အထွေထွေအတွင်းရေးမှူး ဦးလှိုင်မျိုးက တင်ပြပြီး ပြင်ပစာရင်းစစ် ငွေအဉ္ဇလီ Audit Firm မှ ဒေါ်ဝါဝါလှိုင်က စာရင်းစစ်အစီရင်ခံစာကို ဖတ်ကြားတင်သွင်းကာ နှစ်ပတ်လည် အစီရင်ခံစာနှင့် နှစ်ချုပ်ငွေစာရင်းရှင်းတမ်းနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် ပြင်ပစာရင်းစစ် ခန့်အပ်ခြင်းတို့ကို အတည်ပြုကြသည်။

 

ယင်းနောက် ၂၀၂၃-၂၀၂၅ အလုပ်အမှုဆောင်သက်တမ်းမှ စီမံခန့်ခွဲရေးကော်မတီဝင်၊ ဗဟိုအလုပ်အမှုဆောင်၊ အလုပ်အမှုဆောင် ကော်မတီဝင်များ သက်တမ်းပြည့်၍ နုတ်ထွက်ကြောင်း ကြေညာပြီး ၂၀၂၅- ၂၀၂၈ အလုပ်အမှုဆောင်သစ်များကို ဖတ်ကြားအတည်ပြုကြသည်။

 

ဆက်လက်၍ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌအသစ် ဦးမောင်မောင်ဇော်က ကျေးဇူးတင်စကားနှင့် နိဂုံးချုပ်အမှာစကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

သတင်းစဉ်