ဗီယင်နာ ၁၄ ဖေဖော်ဝါရီ 

 

မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး (UNODC)က ၂၀၁၈ခုနှစ် မြန်မာ့ဘိန်းဖြူ စိုက်ပျိုးထုတ်လုပ်သုံးစွဲမှုဆိုင်ရာ စစ်တမ်းတစ်ရပ်ကို မကြာသေးမီက ထုတ်ပြန်လိုက်ကြောင်း သိရသည်။ 

 

အဆိုပါစစ်တမ်းတွင် ၂၀၁၈ခုနှစ်၌ မြန်မာနိုင်ငံ၏ ဘိန်းစိုက်ပျိုးထုတ်လုပ်သည့် ဧရိယာ ၃၇၃၀ဝ ဟက်တာရှိခဲ့ကြောင်းနှင့် လွန်ခဲ့သော ၂၀၁၇ ခုနှစ်နှင့် နှိုင်းယှဉ်ကြည့်လျှင် ဘိန်းစိုက်ပျိုးဒေသ လျော့နည်းလာကြောင်းနှင့် ဘိန်းစိုက်ပျိုးမှုသည် ၂၀၁၄ ခုနှစ်မှစကာ တဖြည်းဖြည်းကျဆင်းလာနေကြောင်း ဖော်ပြခဲ့သည်။

 

မြန်မာနိုင်ငံ၏ ဘိန်းအဓိကစိုက်ပျိုးထုတ်လုပ်ရာ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်များတွင် ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုသည် ၁၂ ရာခိုင်နှုန်းကျဆင်းလာကြောင်း ဖော်ပြထားသည်။ 

 

ထို့အပြင် ချင်းပြည်နယ်နှင့် ကယားပြည်နယ်များတွင်လည်း ဘိန်းစိုက်ဧရိယာ ဟက်တာ ၁၂၀ဝ ခန့်သာ ရှိတော့ကြောင်း သိရသည်။ 

 

ဘိန်းစိုက်ပျိုးထုတ်လုပ်မှုကျဆင်း

 

ဘိန်းစိုက်ပျိုးထုတ်လုပ်မှုသည် တကယ့်လက်တွေ့တွင် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ အရှေ့ပိုင်း၊ တောင်ပိုင်းဒေသများတွင် ၇ ရာခိုင်နှုန်း၊ ၈ ရာခိုင်နှုန်းနှင့် ၁၇ ရာခိုင်နှုန်းစီ အသီးသီးကျဆင်းခဲ့ကြောင်းနှင့် ကချင်ပြည်နယ်တွင် ၁၅ ရာခိုင်နှုန်းထိကျဆင်းခဲ့ကြောင်း ဖော်ပြထားသည်။ ၂၀၁၇ ခုနှစ်တွင် ချင်းပြည်နယ်နှင့် ကယားပြည်နယ်များတွင် စစ်တမ်းကောက်ယူမှုများ မပြုလုပ်ခဲ့သော်လည်း ၂၀၁၅ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် အဆိုပါပြည်နယ်နှစ်ခု၏ စုစုပေါင်း ဘိန်းစိုက်ပျိုးမှုသည် ၂၆ ရာခိုင်နှုန်းသာရှိကြောင်း ဖော်ပြခဲ့သည်။ 

 

၈ ရာခိုင်နှုန်းလျော့နည်းကျဆင်း

 

ပျမ်းမျှဘိန်းထွက်ရှိနိုင်မှုသည် တစ်ဟက်တာလျှင် ၁၃ ဒသမ ၉ ကီလိုဂရမ် ရှိကြောင်း သိရသည်။ ခန့်မှန်းဘိန်းထုတ်လုပ်မှုသည် ၂၀၁၈ ခုနှစ်တွင် ၅၂၀ မက်ထရစ် တန်ရှိကြောင်း သိရသည်။ ဘိန်းထုတ်လုပ်မှုအများဆုံးဖြစ်သော ရှမ်းပြည်နယ်တွင် စုစုပေါင်း ၉၀ ရာခိုင်နှုန်းထုတ်လုပ်ခဲ့ကြောင်းနှင့် ကျန်ဒေသများတွင် ၄၆၁ မက်ထရစ် တန်ထုတ်လုပ်ခဲ့ကြောင်း၊ ယင်းပမာဏသည် လွန်ခဲ့သောနှစ်နှင့် နှိုင်းယှဉ်လျှင် ၈ ရာခိုင်နှုန်းလျော့နည်းကျဆင်းသွားကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဆက်လက် ဖော်ပြထားသည်။ 

 

ဘိန်းဖျက်ဆီးမှုအရေအတွက်သည် အစိုးရ၏ဖော်ပြချက်အရ ယခင်နှစ်များ ဖြစ်သည့် ၂၀၁၀မှသည် ၂၀၁၂၊ ထိုမှတစ်ဖန် ၂၀၁၄ ခုနှစ်အထိ အကြိမ်များခဲ့ပြီး ၂၀၁၇ ခုနှစ်မှ ၂၀၁၈ ခုနှစ် ဘိန်းစိုက်ပျိုးရာသီအထိ ၂၆ ရာခိုင်နှုန်းခန့်ထိ အကြိမ်လျော့နည်းလာခဲ့ကြောင်း သိရသည်။

 

ဖမ်းဆီးရမိမှု ပိုမိုများပြား

 

ဘိန်းဖမ်းဆီးရမိမှုသည် ၂၀၁၅ ခုနှစ်မှစကာ မြင့်တက်ခဲ့သည်။ ဇန်နဝါရီ ၂၀၁၈ ခုနှစ်မှ ဇွန် ၂၀၁၈ ခုနှစ်အထိ ဘိန်းဖမ်းဆီးရမိမှု ၃၀ဝ၀ ကီလိုဂရမ်နီးပါးရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။ ယင်းပမာဏသည် ၂၀၁၇ ခုနှစ်တစ်ခုလုံး၏ ဘိန်းဖမ်းဆီးရမိမှုနှင့် နှိုင်းယှဉ်လျှင် ပိုမိုများပြားကြောင်း သိရသည်။ 

 

ဘိန်းစိုက်ပျိုးထုတ်လုပ်မှုသည် အကြမ်းဖျင်းအားဖြင့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ သန်းမှ ၂ ဒသမ ၃ သန်းအထိရှိခဲ့ပြီး မြန်မာနိုင်ငံ၏ တရားမဝင်ဘိန်းဈေးကွက်သည် ၂၀၁၈ခုနှစ် နိုင်ငံ့စီးပွားရေး၏ သိသာသည့် ဝေစုတစ်စုနီးပါးရှိကြောင်း သိရသည်။ ပြည်တွင်း ဘိန်းသုံးစွဲမှုသည် ၇ ဒသမ ၆ တန်ခန့်ရှိပြီး ပျမ်းမျှတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂၃၈ မှ ၄၀၁ သန်းအထိရှိကြောင်း သိရသည်။ နိုင်ငံခြားသို့ တင်ပို့သည့်ဘိန်းဖြူပမာဏသည် ၂၀ မှ ၄၅ တန်အထိရှိပြီး အမေရိကန်ဒေါ်လာ ၇၈၂ သန်းမှ ၁၇၉၈ သန်းကြားရှိကြောင်း သိရသည်။ 

 

ဘာသာပြန် - ကိုကိုလင်း