ရန်ကုန်      အောက်တိုဘာ      ၁၂

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၂၅ ဆီးဂိမ်းပြိုင်ပွဲ ကစ်ဘောက်ဆင်ပြိုင်ပွဲတွင် အတန်းရှစ်တန်း ထည့်သွင်းကျင်းပမည်ဖြစ်ရာ မြန်မာနိုင်ငံကစ်ဘောက်ဆင်အဖွဲ့ချုပ်က ယင်းအတန်းရှစ်တန်းလုံး ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ လာမယ့်ဆီးဂိမ်းပြိုင်ပွဲမှာ အတန်းရှစ်တန်းရှိပါတယ်၊ အဲဒီရှစ်တန်းလုံး တန်းပြည့်ဝင်ပြိုင်မှာပါ၊    ပြိုင်ပွဲအတွက်အကောင်းဆုံးရှစ်ယောက်ကို သက်ဆိုင်ရာ နည်းပြတွေရဲ့အကြံပေးမှုနဲ့အတူ ကစ်ဘောက်ဆင်နဲ့ ပတ်သက်ပြီး ရှေ့ကိုအလားအလာရှိမယ့်သူတွေ၊ နောက်လေ့ကျင့်မှုကောင်း တဲ့သူတွေ၊ စည်းကမ်းလိုက်နာတဲ့သူတွေကို အကောင်းဆုံးရွေးချယ်ပြီးတော့ စေလွှတ်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံကစ်ဘောက်ဆင်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကျော်ရန်နိုင်က ပြောသည်။

ကစ်ဘောက်ဆင်အားကစားသည်နှစ်မျိုးရှိပြီး ကြိုးဝိုင်းတွင်း ထိုးသတ်သည့်ပြိုင်ပွဲနှင့် မြက်ဖျာပေါ်တွင် ထိုးသတ်သည့် ပြိုင်ပွဲတို့ဖြစ်ပြီး   ယင်းပြိုင်ပွဲနှစ်ရပ်လုံးတွင်    မြန်မာနိုင်ငံ ကစ်ဘောက်ဆင် အဖွဲ့ချုပ်မှ   အမျိုးသားအားကစားသမား ငါးဦးနှင့် အမျိုးသမီးအားကစားသမားသုံးဦး စုစုပေါင်း ရှစ်ဦး ဝင်ရောက်ယှဉ်ပြိုင်ရန် ရန်ကုန်မြို့  သိမ်ဖြူလမ်းရှိ မြန်မာနိုင်ငံ ကစ်ဘောက်ဆင်အဖွဲ့ချုပ်    လေ့ကျင့်ရေးခန်းမ၌      တစ်နေ့နှစ်ကြိမ် စခန်းသွင်းလေ့ကျင့်လျက်ရှိကြသည်။

အဆိုပါ   ဆီးဂိမ်းပြိုင်ပွဲဝင်မည့်    ကစ်ဘောက်ဆင်အားကစားသမားများအား မြန်မာနည်းပြများအပြင် အိုလံပစ်ကော်မတီမှ ပြင်သစ်နည်းပြကနှစ်ကြိမ်၊ မလေးရှားနည်းပြက တစ်ကြိမ် လာရောက် သင်ကြားပေးခဲ့ပြီး   ပြိုင်ပွဲအောင်မြင်မှုရရှိရေး လက်ရှိတွင်လည်း ဂျပန်နည်းပြတစ်ဦးက အနီးကပ် ကြပ်မတ်သင်ကြားပေးလျက်ရှိကာ နိုဝင်ဘာ ၂ ရက်မှ ၁၂ ရက်အထိ   ထိုင်းနိုင်ငံ   ပတ္တရားသို့ ပူးတွဲလေ့ကျင့်ရေး   (Joint Training)   သွားရောက်ရန်     စီစဉ်လျက်ရှိကြောင်းလည်း သိရသည်။

လင်းရာမ