ရန်ကုန် ဖေဖော်ဝါရီ ၁၁

 

မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန်စွမ်းသူများ အသင်း၏ အသင်းဝင် မသန်စွမ်းသူ ၁၁၁၈၃ ဦးကို ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ အလုပ် အကိုင် အခွင့်အလမ်းရရှိရေး တို့အတွက် ရန်ပုံငွေဂီတဖျော်ဖြေပွဲကို ဖေဖော်ဝါရီ ၁၆ ရက် ည ၇ နာရီတွင် ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ၌ တတိယအကြိမ်မြောက် ကျင်းပမည် ဖြစ်သည်။

 

ထောက်ပံ့မှုတွေပေးနိုင်ဖို့ ကျင်းပခြင်းဖြစ်

 

ရန်ပုံငွေပွဲနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ကိုယ်အင်္ဂါ မသန်စွမ်းသူများအသင်းမှ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာကိုကိုဦးက ''ဒီပွဲက ကိုယ်အင်္ဂါ မသန်စွမ်းသူတွေရဲ့ ရန်ပုံငွေပွဲပါ။ ဒီကရတဲ့ငွေ တွေကို ကျွန်တော်တို့က ကိုယ်အင်္ဂါ မသန်စွမ်း သူတွေဖြစ်ပေမယ့် ကျန်တဲ့မသန်စွမ်းတွေ ကိုလည်း ထောက်ပံ့ပေးပါတယ်။ ပညာသင် စရိတ်၊ ကျန်းမာရေး၊ အလုပ်အကိုင် အခွင့်အလမ်း၊ လူမှုရေးစတာတွေကို ထောက်ပံ့ပေးပါတယ်။ အထောက်အကူပြု ပစ္စည်းတွေပေးတဲ့အခါမှာလည်း လူဦးရေ ကန့်သတ်ထားတာ မရှိပါဘူး။ ပေးနိုင်တဲ့ အတိုင်းအတာထိပေးပါတယ်။ လူဦးရေများတဲ့အခါကျတော့ ဝှီးချဲတွေဆိုရင် တန်းစီဇယားနဲ့တန်းစီထားရတယ်။ စီနီယာအလိုက်ကို ထောက်ပံ့ ပေးလျက် ရှိပါတယ်။ ဒီလိုထောက်ပံ့မှုတွေ ပေးနိုင်ဖို့ အတွက် ဒီပွဲကိုကျင်းပရခြင်း ဖြစ်ပါတယ်''ဟု ပြောသည်။

 

ဖြည့်ဆည်းဆောင်ရွက်ပေး

 

မြန်မာနိုင်ငံတွင် ကိုယ်အင်္ဂါမသန်စွမ်းသူ၊ အကြားအာရုံမသန်စွမ်းသူ၊ အမြင်အာရုံ မသန်စွမ်းသူနှင့် ဉာဏ်ရည်မသန်စွမ်းသူဟူ၍ မသန်စွမ်းသူ အမျိုးအစား လေးမျိုးရှိပြီး မသန် စွမ်းသူပေါင်း ၂ ဒသမ ၃ သန်း ရာခိုင်နှုန်းရှိရာ ကိုယ်အဂ¯မသန်စွမ်းသူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ အလုပ်အကိုင်အခွင့် အလမ်းရရှိရေး စသည့် လိုအပ်ချက်များကို မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန်စွမ်းသူများ အသင်းက ၂ဝဝ၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်မှ စတင်တည်ထောင်ကာ ယခုဆိုလျှင် နိုင်ငံတစ်ဝန်း အသင်းရုံးခွဲပေါင်း ၃၄ ရုံး ဖွင့်လှစ်၍ ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း ထို့အတူ ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် ၄၃ ကျိုက်လတ်လမ်းတွင်လည်း မသန်စွမ်းသူများ အတွက် အထောက်အကူဖြစ်စေရန် မသန်စွမ်းသုံး အထောက်အကူပြု ပစ္စည်းအလုပ်ရုံကို တည်ထောင်ထားကြောင်း သိရသည်။

 

ဆက်သွယ်ဝယ်ယူနိုင်

 

ရန်ပုံငွေ ဂီတဖျော်ဖြေပွဲတွင် တင်ဦးလေး၊ သန်းမြတ်စိုး၊ မောင်မောင်ထိပ်၊ မိုးထက်မြင့်၊ ဆန်ဖရန်စစ္စကို ဦးစိန်လှိုင်(ပဲခူး)၊ ပီတာလွင်၊ ကြည်စိုး၊ ချိုပြုံး၊ တက္ကသိုလ်လဲ့လဲ့၊ သီသီမာ၊ သွန်း၊ ဖြူဖြူလှိုင်၊ ဂျေညီညီ၊ ဘိုကျော်၊ ညီထွဋ် ခေါင်၊ ကိုကိုထွေး၊ ချမ်းချမ်း၊ အိုင်းရင်းဇင်မာမြင့်၊ ဆုထက်လှိုင်၊ ပွင့်၊ တေးဂီတမှူး နိုင်ဇော် (Lazy Club) Art Robots Music Band နှင့် အမေရိကန်နိုင်ငံတောင်ပိုင်း ကယ်လီဖိုးနီးယားမှ ဂီတမှူး ဒေါက်တာခိုင်မြင့် (Key Board)တို့က သီဆိုဖျော်ဖြေကြမည် ဖြစ်ပြီး လက်မှတ်များကို မြန်မာနိုင်ငံ ကိုယ် အင်္ဂါ မသန်စွမ်းသူများအသင်းနှင့် မန်းသီရိ တေးသံသွင်း ဖုန်း-ဝ၁-၅၁၈၄၁ဝ ၊ ၅၁၁၆၈၅ တို့သို့ ဆက်သွယ်ဝယ်ယူနိုင်ကြောင်း သိရသည်။

 

သတင်းနှင့်ဓာတ်ပုံ-အေးမင်းသူ၊ ဇာနည်မောင်