ရန်ကုန် အောက်တိုဘာ ၁၂
UFC သည် မြန်မာစံတော်ချိန် ဒီဇင်ဘာ ၇ ရက်တွင်ကျင်းပမည့် UFC -323 ပြိုင်ပွဲတွင် မြန်မာဖိုက်တာ ဂျိုရှုအာဗန်၏ ဖလိုင်းဝိတ်တန်း ကမ္ဘာ့ချန်ပီယံစိန်ခေါ်ပွဲ ထည့်သွင်းကျင်းပမည်ဖြစ်ကြောင်း အတည်ပြုထုတ်ပြန်လိုက်ပြီဖြစ်သည်။
ဂျိုရှုအာဗန်သည် လက်ရှိချန်ပီယံ ပန်တိုဂျာနှင့် ချန်ပီယံခါးပတ်စိန်ခေါ်ရမည်ဖြစ်သည်။ ဂျိုရှုအာဗန် သည် ဇွန် ၂၉ ရက်က ထိုးသတ်သည့်ပွဲတွင် အမေရိကန်ဖိုက်တာ ဘရန်ဒန်ရွိုင်ဗယ်နှင့်ပွဲတွင် အနိုင်ရပြီးနောက် ချန်ပီယံခါးပတ်စိန်ခေါ်ခွင့်ပေးခဲ့ခြင်းဖြစ်သည်။
ဂျိုရှုအာဗန်သည် UFC တွင် နောက်ဆုံးငါးပွဲဆက်နှင့် ရှစ်ပွဲမြောက်အနိုင်ရပြီးနောက် ကမ္ဘာ့ချန်ပီယံခါးပတ် စိန်ခေါ်ခွင့်ရခဲ့ခြင်းဖြစ်သည်။ ဂျိုရှုအာဗန်သည် မြန်မာဖိုက်တာများတွင် UFC ၌ ပထမဆုံးထိုးသတ်ခွင့်ရသူဖြစ်ပြီး လက်စွမ်းပြပြီး နိုင်ပွဲဆက်သဖြင့် ကမ္ဘာ့ချန်ပီယံဖြစ်ခွင့် မျှော်လင့် လာနိုင်ခြင်းဖြစ်သည်။
UFC 323 ပြိုင်ပွဲကို မြန်မာစံတော်ချိန် ဒီဇင်ဘာ ၇ ရက် နံနက်ပိုင်း (ဒေသစံတော်ချိန် ဒီဇင်ဘာ ၆ ရက် ညပိုင်း)တွင် အမေရိကန်နိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး ဂျိုရှုအာဗန်နှင့် ပန်တိုဂျာတွဲဆိုင်းကို Co-Main Event အဖြစ် ကျင်းပမည်ဖြစ်သည်။
သတင်း - ရှိုင်းထက်ဇော်
ဓာတ်ပုံ - UFC


