ရန်ကုန် ဩဂုတ် ၂၃

 

ONE Friday Fights 121 ပြိုင်ပွဲကို ယမန်နေ့က ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ကျင်းပရာ မြန်မာဖိုက်တာ သွေးလင်းထက် ဒုတိယအချီတွင် အနိုင်ရရှိခဲ့သည်။

 

သွေးလင်းထက်သည် ထိုင်းဖိုက်တာ ချော့ပရီချာနှင့် Co Main Event ထိုးသတ်ခဲ့ ရပြီး ဒုတိယအချီ ၁ မိနစ် ၅၂ စက္ကန့်တွင် ဒိုင်ပွဲရပ်ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ ONE တွင် ပုံစံကောင်းပြသပြီး နိုင်ပွဲဆက်နေသည့် သွေးလင်းထက်သည် ယခုပွဲတွင် အကောင်းဆုံးပုံစံဖြင့် ထိုးသတ်နိုင်ခဲ့ပြီး ပထမ အချီကတည်းက ဖိအားပေးထိုးသတ်နိုင်ခဲ့သည်။ သွေးလင်းထက်သည် လက်သီး၊ တံတောင်၊ ဒူး၊ ခြေကန်ချက် အကုန်သုံးကာ တိုက်ခိုက်ခဲ့ပြီး ပထမအချီတွင် ပြိုင်ဘက်ကစားသမား အမှတ်စဉ် ရေတွက်ခံခဲ့ရသည်။

 

သွေးလင်းထက်သည် အပိုဆုကြေး ဘတ်သုံးသိန်းခွဲရရှိခဲ့ပြီး ONE နှင့် ခြောက်ပွဲမြောက် ထိုးသတ်ရာတွင် ငါးပွဲမြောက်နှင့် နောက်ဆုံး လေးပွဲဆက်တိုက် အနိုင်ရခဲ့ခြင်းဖြစ်သည်။

 

ညီမြတ်သော်တာ ၊ ဓာတ်ပုံ-ONE