ရန်ကုန်   ဒီဇင်ဘာ   ၂၂

မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင်ဖြစ်သူ တိုက်စစ်ကစားသမား မောင်မောင်လွင်သည် ထိုင်းလိဂ်-၂ ကလပ်အသင်းဖြစ်သည့် Lamphun Warriors F.C. သို့ ပြောင်းရွှေ့သွားပြီဖြစ်သည်။ မောင်မောင်လွင် ကို ခေါ်ယူနိုင်ခဲ့ကြောင်း Lamphun Wariors အသင်းက ဒီဇင်ဘာ ၂၁ ရက်တွင် တရားဝင်ထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။

မောင်မောင်လွင်သည် ဆူဇူကီးပြိုင်ပွဲအပြီးတွင် ထိုင်းနိုင်ငံသို့ တိုက်ရိုက်သွားရောက်ကာ စာချုပ်ကိစ္စ အတွက် အပြီးသတ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

မောင်မောင်လွင်သည် ပထမဆုံးအကြိမ် ပြည်ပထွက် ကစားခြင်းဖြစ်ပြီး Lamphun Warriors အသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။ မောင်မောင်လွင်သည်  ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ဟံသာဝတီ အသင်းနှင့် စတင်ခဲ့ပြီး ၂၀၁၈ ရာသီတွင် ရန်ကုန်အသင်းသို့ ပြောင်းရွှေ့ခဲ့ကာ ပြည်ပထွက်ကစားရန် အတွက် ပြီးခဲ့သည့်လပိုင်းက နှစ်ဦးသဘောတူစာချုပ် ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။ ယင်းအသင်းသည် ယခု ရာသီမှ ထိုင်းလိဂ်-၂ သို့ တက်ရောက်လာခြင်းဖြစ်ပြီး ပထမအကျော့အပြီးတွင် အဆင့် ၄ နေရာ၌ ရပ်တည်နေသည်။ မောင်မောင်လွင်သည် ၂၀၁၅ ယူ-၂၀ ကမ္ဘာ့ ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရခဲ့သည့် မြန်မာအသင်းနှင့်အတူ ပေါ်ထွက်လာသူဖြစ်ပြီး မြန်မာ့လက်ရွေးစင် အသင်းတွင်လည်း တောက်လျှောက် ရွေးချယ်ခံခဲ့ရသည်။

ယခုရာသီတွင် ထိုင်းကလပ်အသင်းများ၌ မြန်မာကစားသမားများ ပါဝင်ကစားလျက်ရှိပြီး ထိုင်းလိဂ်-၁ ကလပ် ဘူရီရမ်အသင်းတွင် အောင်သူ၊ ထိုင်းလိဂ်-၂ ကလပ် ဖရေးယူနိုက်တက်အသင်းတွင် ကျော်ကိုကို၊ ထိုင်းလိဂ်-၂ ကလပ် ထရတ်အသင်းတွင် ဇော်မင်းထွန်း၊ ထိုင်းလိဂ်-၃ ကလပ် ပတ္တရားအသင်းတွင် အောင်ကျော်နိုင်တို့ ပါဝင်ကစားလျက်ရှိသည်။ မြန်မာကစားသမားများမှာ ပြည်ပကလပ်များသို့ ထွက်ကစားနိုင်ရန် ကြိုးပမ်းလျက်ရှိပြီး ၂၀၂၁-၂၀၂၂ ထိုင်းလိဂ်ပြိုင်ပွဲ၏ ရာသီဝက် အပြောင်းအရွှေ့ ကာလတွင် ပထမဆုံးပြောင်းရွှေ့သူအဖြစ် မောင်မောင်လွင်က မှတ်တမ်းဝင်ခဲ့သည်။

သတင်း-ရဲရင့်လွင်

ဓာတ်ပုံ-Lamphun Warriors F.C.