၂၂ အောက်တိုဘာ
မွန်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၀ ခုသို့ လေ့လာရေးခရီး ထွက်ခဲ့စဉ် ပေါင်မြို့မှ အရှေ့တောင်ဘက်သို့ ၃၂ ဒသမ ၈ ကီလိုမီတာဝေးသည့် မော်လမြိုင်မြို့သို့ သွားရန် ၁၁၅၇၅ ပေ ရှည်လျားသည့် သံလွင်တံတားကို ဖြတ်သန်းခဲ့ရသည်။ တံတားအောက်၌ ခေါင်းဆေးကျွန်းကို မြင်ရပြီး တစ်ချိန် တုန်းက မုတ္တမဘက်ကမ်းမှ မော်လမြိုင်ဆိပ်ကမ်းသို့ သင်္ဘောဖြင့်သွားခဲ့ရပုံကို သတိရမိခဲ့ပါသည်။ သံလွင်တံတား တည်ဆောက်ခဲ့ပြီးနောက်တွင်မူ ရန်ကုန်မြို့မှ ထားဝယ်မြို့အထိ မီးရထားဖြင့် သွားလာနိုင်ခဲ့ပေသည်။
မွန်ပြည်နယ်၏မြို့တော် မော်လမြိုင်
ရာဇဝင်ကျမ်းများ အဆိုအရ သာသနာသက္ကရာဇ် ၁၅၇ ခုနှစ်တွင် ရာမညရာဇမင်းသည် သံလွင်မြစ်၊ ဂျိုင်း မြစ်၊ အတ္ထရံမြစ်နှင့် သောင်ရင်းမြစ်တို့ ပေါင်းစည်းသည့် အရပ်၌ ပထမ မော်လမြိုင်မြို့ကို တည်ထားခဲ့သည်ဟု ဆိုသည်။ လက်ရှိ မော်လမြိုင်သည် ဒုတိယ မော်လမြိုင် ဖြစ်၍ မွတ်မယ်လိန်မှ မော်လမြိုင်ဟု ခေါ်တွင်ခဲ့သည်ဟု အဆိုရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှတ်တမ်းတွင် ဖော်ပြထားသည်။
အရှေ့အနောက် ခုနစ်မိုင်၊ တောင်မြောက် ၁၇ မိုင် ရှည်လျား၍ ၈၈ ဒသမ ၈၂ စတုရန်းမိုင် ကျယ်ဝန်းသည့် မော်လမြိုင်မြို့နယ်သည် အရှေ့ဘက်တွင် ကျိုက်မရော မြို့နယ်၊ အနောက်ဘက်တွင် ချောင်းဆုံမြို့နယ်၊ တောင်ဘက်တွင် မုဒုံမြို့နယ်နှင့် မြောက်ဘက်တွင် ဘားအံမြို့နယ်တို့နှင့် ထိဆက်နေသည်။ တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်၌ အကျယ်ပြန့်ဆုံး မြေနိမ့်လွင်ပြင်ဖြစ်သည့် မော်လမြိုင်မြို့နယ်တွင် နာဂဝီသ တောင်တန်းသည် မြို့၏ အရှေ့ဘက်၌ တောင်မှမြောက်သို့ သွယ်တန်းနေသည်။
ပင်လယ်ရေမျက်နှာပြင်အထက် ၁၈ ပေ မြင့်သည့် မော်လမြိုင်မြို့နယ်သည် မြစ်ချောင်းပေါများသည့် ဒေသတစ်ခုဖြစ်ပြီး ခေါင်းဆေးကျွန်းနှင့် ထားဝယ်ကျွန်းတို့သည် ထင်ရှားသည်။ မော်လမြိုင်မှ အတ္ထရံမြစ်အတိုင်း ကြာအင်း ဆိပ်ကြီးမြို့သို့လည်းကောင်း၊ ဂျိုင်းမြစ်အတိုင်း ကျုံဒိုးမြို့သို့လည်းကောင်း၊ သံလွင်မြစ်အတိုင်း ဘားအံမြို့သို့လည်းကောင်း သွားရောက်နိုင်သည်။ မိုးရွာသွန်းမှုများပြားသော မော်လမြိုင်မြို့နယ်တွင် ၂၀၁၆ ခုနှစ်က မိုးရွာသွန်းရက် ၁၁၈ ရက်နှင့် မိုးရေချိန် လက်မ ၁၅၀ ရှိခဲ့သည်။
မော်လမြိုင်မြို့နယ်ကို ရပ်ကွက် ၂၉ ခုနှင့် ကျေးရွာ ၃၂ ရွာဖြင့် ဖွဲ့စည်းထားပြီး ၂၀၁၇ ခုနှစ် စက်တင်ဘာလက ထုတ်ပြန်သည့် စာရင်းများအရ မြို့နယ်၏ လူဦးရေသည် ၂၅၈၀၀၃ ဦးဖြစ်သည်။ မြို့နယ်လူဦးရေ၏ ၅၇ ဒသမ ၀၆ ရာခိုင်နှုန်း(၁၄၇၂၁၈ ဦး)သည် ဗမာလူမျိုးများဖြစ်၍ မွန်၊ ကရင်နှင့် ရှမ်း တိုင်းရင်းသားများလည်း နေထိုင်ကြသည်။ ဒေသနေ ပြည်သူ ၈၀ ဒသမ ၅ ရာခိုင်နှုန်း(၂၀၇၉၃၈ ဦး)သည် ဗုဒ္ဓဘာသာကို ကိုးကွယ်၍ ခရစ်ယာန်၊ ဟိန္ဒူနှင့် အစ္စလာမ်ဘာသာကို ကိုးကွယ်သူများလည်း ရှိကြသည်။
မော်လမြိုင်သည် မွန်ပြည်နယ်၏ စီးပွားရေး အချက်အချာကျသောမြို့ဖြစ်ပြီး ဒေသနေပြည်သူများသည် စပါး၊ ရော်ဘာ၊ ဆီအုန်း၊ သီဟိုဠ်ပင် စိုက်ပျိုးရေးလုပ်ငန်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းကို အများဆုံး လုပ်ကိုင်ကြသည်။ ထို့အတူ စက်မှုဇုန်များတွင် စက်ရုံ ၃၉၇ ရုံ ဖွင့်လှစ်ကာ ကုန်ထုတ်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
မြို့နယ်အတွင်း မော်လမြိုင်တက္ကသိုလ်၊ မော်လမြိုင်နည်းပညာတက္ကသိုလ်၊ ပညာရေးကောလိပ်နှင့် စက်မှု လက်မှုသိပ္ပံတို့ကို ဖွင့်လှစ်ထားပြီး အခြေခံပညာကဏ္ဍတွင် အထက်တန်းနှင့် အထက်တန်းကျောင်းခွဲ ၂၆ ကျောင်း၊ အလယ်တန်းနှင့် အလယ်တန်းကျောင်းခွဲ ကိုးကျောင်း၊ မူလတန်းကျောင်း ၁၁၄ ကျောင်း ရှိသည်။ ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ရန် ခုတင် ၅၀၀ ဆံ့ ပြည်နယ် ဆေးရုံကြီး၊ ခုတင် ၃၀၀ ဆံ့ အမှတ်(၅) တပ်မတော်ဆေးရုံ၊ ခုတင် ၂၀၀ ဆံ့ အမျိုးသမီးနှင့် ကလေးဆေးရုံနှင့် ၁၆ ခုတင်ဆံ့ တိုက်နယ်ဆေးရုံ နှစ်ရုံ၊ တက္ကသိုလ်ဆေးရုံနှင့် ပုဂ္ဂလိကဆေးရုံ ခုနစ်ရုံ ဖွင့်လှစ်ထားသည်။ ကျန်းမာရေး စောင့်ရှောက်မှုပေးရန်အတွက် ကျန်းမာရေးဌာန သုံးခုနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ ၁၃ ခု ရှိသည်။
မြို့နယ်၏ သမိုင်းဝင် အဆောက်အအုံများအဖြစ် မင်းတုန်းမင်း၏ မိဖုရားတစ်ပါးဖြစ်သော စိန်တုံးမိဖုရား တည်ထောင်ခဲ့သည့် ရတနာဘုံမြင့်ကျောင်းနှင့် ကတိုးကျေးရွာရှိ ဦးနာအောက်သိမ်ကို လေ့လာနိုင်ကြသည်။
ချောင်းဆုံသို့
မော်လမြိုင်မြို့မှ အနောက်တောင်ဘက် ၂၅ ဒသမ ၈ ကီလိုမီတာတွင်ရှိသည့် ချောင်းဆုံမြို့နယ်သည် အရှေ့မှ အနောက်သို့ ၁၀ မိုင် ၂ ဖာလုံနှင့် တောင်မှမြောက်သို့ ၁၉ မိုင် ၄ ဖာလုံ ကျယ်ဝန်းသည့် ဘီလူးကျွန်းဟု ထင်ရှားသည့် ကျွန်းကြီးဖြစ်ကာ အင်္ဂလိပ်အစိုးရက ၁၉၀၁ ခုနှစ်တွင် ဘီလူးကျွန်းကို ချောင်းဆုံမြို့ဟု သတ်မှတ်ခဲ့သည်။ မြို့ နယ်သည် ဧရိယာ ၂၅၄ ဒသမ ၀၉၈ စတုရန်းမိုင်ကျယ်ဝန်း၍ ချောင်းဆုံမြို့သည် ၀ ဒသမ ၉၅၆ စတုရန်းမိုင် ကျယ်ဝန်း သည်။ ၁၉၇၂ ခုနှစ် ဇူလိုင် ၇ ရက်တွင် ချောင်းဆုံမြို့ကို ရပ်ကွက်သုံးခုဖြင့် ဖွဲစည်းပြီး ၁၉၉၂ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်တွင် ချောင်းဆုံမြို့နယ်ကို ရပ်ကွက်သုံးခု၊ ကျေးရွာ ၇၈ ရွာဖြင့် ဖွဲ့စည်းခဲ့သည်။ ချောင်းဆုံမြို့နယ်သည် ရေ ပတ်လည်ဝိုင်းနေကာ ပင်လယ်ရေမျက်နှာပြင်အထက် ၁၅ ပေသာ မြင့်သည်။
မြို့နယ်လူဦးရေ ၁၆၁၃၉၁ ဦးအနက် ၁၁၆၃၂၆ ဦး(၇၂ ဒသမ ၀၇ ရာခိုင်နှုန်း)သည် မွန်လူမျိုးများဖြစ်ကြ၍ ဗမာနှင့် ကရင်လူမျိုးများလည်း နေထိုင်ကြသည်။ ဆေးတံ၊ တုတ်ကောက်၊ ကျောက်သင်ပုန်းနှင့် သားရေကွင်း ထုတ်လုပ်သည့် လုပ်ငန်းများကို ချောင်းဆုံမြို့နယ်၌ တွေ့မြင် ကြရပြီး ဒေသနေပြည်သူ အများစုသည် စိုက်ပျိုးရေး လုပ်ငန်းဖြင့် အသက်မွေးကြသည်။
မြို့နယ်အတွင်း၌ အထက်တန်းကျောင်း ခြောက်ကျောင်းအပါအဝင် အခြေခံပညာကျောင်း ၁၁၁ ကျောင်း၊ ခုတင် ၅၀ ဆံ့ မြို့နယ်ဆေးရုံ တစ်ရုံ၊ ၁၆ ခုတင်ဆံ့ တိုက်နယ်ဆေးရုံ သုံးရုံ၊ ကျေးလက်ကျန်းမာရေးဌာန ခုနစ်ခုနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ ၃၀ ဖွင့်လှစ်ထားသည်။ ချောင်းဆုံမြို့ အနောက်ရပ်ကွက်ရှိ ကိုးခန်းကြီး တန်ဆောင်းနှင့် ကမာကေးရွာ၊ ချောင်းဆုံမြို့အရှေ့ပိုင်း ရွာလွတ်ရွာနှင့် မုနိုင်းကျေးရွာရှိ သိမ်တို့သည် ရဟန္တာသိမ် လေးသိမ်အဖြစ် ထင်ရှားသည်။
ကျိုက်မရောသို့
ကျိုက်မရောမြို့သည် အတ္ထရံမြစ်ပေါ်တွင် တည်ရှိပြီး မော်လမြိုင်မြို့မှ အရှေ့တောင်ဘက်သို့ ကားလမ်းအတိုင်း ၂၀ ဒသမ ၅ ကီလိုမီတာ ကွာဝေးသည်။ ကျိုက်မရောကို မွန်ဘာသာဖြင့် "က်ျာမရဟ်"ဟုရေးကာ ထင်ရှားသော ဘုရားဟု အဓိပ္ပာယ်ရှိကြောင်း မြန်မာ့စွယ်စုံကျမ်းတွင်ဖော်ပြထားသည်။
ဧရိယာ ၅၁၁ ဒသမ ၇ စတုရန်းမိုင် ကျယ်ဝန်းသည့် ကျိုက်မရောမြို့နယ်ကို ရပ်ကွက် နှစ်ခု၊ ကျေးရွာအုပ်စု ၄၃ အုပ်စု၊ ကျေးရွာ ၁၆၄ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေ ၂၂၂၀၉၁ ဦးရှိကာ မွန်၊ ကရင်နှင့် ဗမာ လူမျိုးများ အများ ဆုံး နေထိုင်ကြသည်။
ရော်ဘာသည် မြို့နယ်၏ အဓိကထွက်ကုန်ဖြစ်ကာ ရော်ဘာစိုက်ဧက ၈၁၄၉၄ ဧက ရှိသည်။ ကျိုက်မရော ကျွဲကောသီးနှင့်ကြက်မောက်သီးတို့သည် လူကြိုက်များသော ဒေသထွက်သီးနှံများဖြစ်ကြသည်။
မြို့နယ်အတွင်း အထက်တန်းကျောင်း ခုနစ်ကျောင်း၊ အထက်တန်းကျောင်းခွဲ ခုနစ်ကျောင်း၊ အလယ်တန်း ကျောင်း ငါးကျောင်း၊ အလယ်တန်းကျောင်းခွဲ ၂၁ ကျောင်းနှင့် မူလတန်းကျောင်း ၁၀၀ ဖွင့်လှစ်ထားသည်။ ထို့အတူ ၂၅ ခုတင်ဆံ့ မြို့နယ်ပြည်သူ့ဆေးရုံ တစ်ရုံ၊ ၁၆ ခုတင်ဆံ့ တိုက်နယ်ဆေးရုံ နှစ်ရုံ၊ ကျေးလက်ကျန်းမာရေးဌာနနှင့် ကျန်းမာရေးဌာနခွဲ ၃၈ ခု ရှိသည်။
မြို့နယ်အတွင်း စေတီနှင့် ဘုရားအဆူ ၃၀ ရှိသည့် အနက် ရှင်စောပုရပ်ကွက်ရှိ ဆုတောင်းပြည့်ဘုရားသည် အထူးထင်ရှားသည်။ မွန်ဘုရင်မ ရှင်စောပုလှူဒါန်းခဲ့သော ဘုရားကြီးဝင်းအတွင်း၌ ပူဇော်ထားသည့် ဗုဒ္ဓရုပ်ပွားတော် မြတ်၏ အာသန(ခြေတော်ဟန်)သည် ခြေတော်ကို ပလ္လင်ပေါ်မှအောက်သို့ စုံချထားသဖြင့် ထူးခြားလျက်ရှိသည်။ ထို့အတူ မုဒြာ(လက်တော်ဟန်)သည်လည်း ထူးခြားရှားပါးသော ဟန်ဖြစ်ကာ ဘေးသို့ထောက်ထားသည့်ပုံ ထုလုပ်ထားသည်။ ကျိုက်မရောမြို့နယ် လက်ပံကျေးရွာရှိ ခရုံဂူကို သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက ရှေးဟောင်းအဆောက်အအုံအဖြစ် ထိန်းသိမ်းစောင့်ရှောက် ထားသည်။
မုဒုံသို့
ကျိုက်မရောမြို့မှ တောင်ဘက် ၁၉ ကီလိုမီတာတွင် တည်ရှိသည့် မုဒုံမြို့သည် မော်လမြိုင်မြို့မှ ၂၇ ဒသမ ၈ ကီလိုမီတာ ကွာဝေးသည်။ မွန်ဝေါဟာရ မုဒုံသည် မြို့ အစွန်ဟု အဓိပ္ပာယ်ရှိကာ ပြည်ထဲရေးနှင့် သာသနာရေး ဝန်ကြီးဌာနသည် ၁၉၇၂ ခုနှစ် ဩဂုတ်လ ၂၇ ရက်တွင် မုဒုံမြို့ကို ရပ်ကွက် လေးခုဖြင့် စတင်ဖွဲ့စည်းခဲ့သည်။ ထို့နောက် ၂၀၁၆ ခုနှစ် ဧပြီ ၅ ရက်တွင် မြို့နှစ်မြို့(မုဒုံနှင့် ကမာဝက်)၊ ရပ်ကွက် ကိုးခု၊ ကျေးရွာ ၅၀ ဖြင့် ပြင်ဆင် ဖွဲ့စည်းခဲ့သည်။
ဧရိယာ ၃၁၄ ဒသမ ၆၉ စတုရန်းမိုင် ကျယ်ဝန်းသည့် မုဒုံမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက် ၃၁ ပေ မြင့်ပြီး ၁၈၇၅ ပေမြင့်သည့် ကျိုက္ကမော့တောင်သည် မြို့ နယ်အတွင်း အမြင့်ဆုံးဖြစ်သည်။ မြို့နယ်၏ လူဦးရေမှာ ၁၈၅၀၁၂ ဦးရှိပြီး ပြည်သူများသည် စပါးနှင့်ရော်ဘာကို အဓိကစိုက်ပျိုးကြသည်။
မြို့နယ်အတွင်း အထက ခုနစ်ကျောင်း၊ အထကခွဲ ခုနစ်ကျောင်း၊ အလက နှစ်ကျောင်း၊ အလကခွဲ ငါးကျောင်းနှင့် မူလတန်း ၈၁ ကျောင်းရှိကာ ၂၅ ခုတင်ဆံ့ မြို့နယ်ဆေးရုံ၊ ၁၆ ခုတင်ဆံ့ ကမာဝက်မြို့ တိုက်နယ်ဆေးရုံ၊ ကျေးလက်ကျန်းမာရေးဌာနနှင့် ကျေးလက်ကျန်းမာရေး ဌာနခွဲ ၄၂ ခု ရှိသည်။
မြို့နယ်အတွင်း စေတီ ဘုရား များစွာရှိသည့်အနက် ဝင်းစိန်တောရကျောင်း၊ ဂျုံးဂျုံးကျတောရကျောင်းတို့သည် ထင်ရှားပြီး မုဒုံမြို့နယ် ကော့ပရံကျေးရွာရှိ ဂဝံစေတီများကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ရှေးဟောင်းအဆောက်အအုံများအဖြစ် ထိန်းသိမ်းထားသည်။
သံဖြူဇရပ်
သေမင်းတမန် ရထားလမ်း၊ မဟာမိတ်စစ်သင်္ချိုင်း၊ ကျိုက္ခမီရေလယ်ဘုရားနှင့် စက်စဲကမ်းခြေတို့ကြောင့် ထင်ရှားသည့် သံဖြူဇရပ်မြို့သည် မုဒုံမြို့မှ တောင်ဘက် ၄၂ ဒသမ ၅ ကီလိုမီတာတွင် ရှိသည်။
အဖြူရောင်မိုးထားသည့် ဇရပ်တစ်ခု၏ ပတ်လည် တွင် ၁၈၇၄ ခုနှစ်က တည်ခဲ့သည့်ရွာအား အဆိုပါဇရပ်ကို အစွဲပြုလျက် သံဖြူဇရပ်ဟု ခေါ်တွင်ခဲ့သည်။ သံဖြူဇရပ်သည် ကျိုက္ခမီလက်အောက်ခံ ရွာကြီးတစ်ရွာဖြစ်ခဲ့ပြီး ၁၉၆၃ ခုနှစ်တွင် မြို့ပိုင်ရုံးကို ကျိုက္ခမီမှ သံဖြူဇရပ်သို့ ပြောင်းရွှေ့ခဲ့ပြီးနောက် ၁၉၆၄ ဇွန် ၁၀ ရက်တွင် ကျိုက္ခမီ မြို့နယ်ကို သံဖြူဇရပ်မြို့နယ်ဟု သတ်မှတ်ခဲ့သည်။
သံဖြူဇရပ်မြို့နယ်ကို မြို့နှစ်မြို့ (သံဖြူဇရပ်နှင့် ကျိုက္ခမီ)၊ ရပ်ကွက် ၁၆ ခု၊ ကျေးရွာအုပ်စု ၂၅ စု၊ ကျေးရွာ ၆၈ ရွာဖြင့် ဖွဲ့စည်းထားပြီး မြို့နယ်၏ လူဦးရေ ၁၆၀၅၃၈ ဦးတွင် ဗမာနှင့် မွန်တိုင်းရင်းသားများက အများဆုံးဖြစ် သည်။ မြို့နယ်အတွင်း အထက်တန်းကျောင်း ၁၀ ကျောင်း၊ အလယ်တန်းကျောင်း ခြောက်ကျောင်းနှင့် မူလတန်း ကျောင်း ၁၁၃ ကျောင်း ဖွင့်လှစ်ထားသည်။ ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ရန် ခုတင် ၅၀ ဆံ့ မြို့နယ်ဆေးရုံ၊ ၁၆ ခုတင်ဆံ့ တိုက်နယ်ဆေးရုံ ငါးရုံ၊ ကျေးလက်ကျန်းမာရေးဌာန ခြောက်ခုနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ ၂၈ ခု ဖွင့်လှစ်ထားသည်။
မြို့နယ်အတွင်း ဘုရား စေတီ ၈၆ ဆူ ရှိသည့်အနက် ကျိုက္ခမီ ရေလယ်ဘုရားသည် အထူးထင်ရှားသည်။ သံဖြူ ဇရပ်မြို့ရှိ မဟာမိတ်စစ်သင်္ချိုင်းသည် ခရီးသွား အများ အပြား လာရောက်ကြသည့် နေရာတစ်ခုဖြစ်၍ အထိမ်းအမှတ် အုတ်ဂူငယ် ၃၇၇၁ ခုရှိသည်။ သံဖြူဇရပ်မြို့တွင် မြန်မာ-ထိုင်း သေမင်းတမန်ရထားလမ်း ပြတိုက်သစ်ကို ၂၀၁၆ ခုနှစ် ဧပြီလ ၂၁ ရက်က ဖွင့်လှစ်ခဲ့သည်။
သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနသည် ဝါခရုကျေးရွာရှိ တိုင်တစ်ရာ ဘုန်းတော်ကြီးကျောင်းနှင့် ဝါခရုမြို့ဟောင်းတူးဖော်မှု ကုန်းများကို ရှေးဟောင်းအဆောက်အအုံများစာရင်းတွင် ထည့်သွင်းထားသည်။
ရေးမြို့နယ်သို့
ရေးမြို့နယ်သည် မွန်ပြည်နယ်၏ တောင်ဘက်ဆုံး၌ တည်ရှိကာ ပြည်နယ်မြို့တော် မော်လမြိုင်မှ ၁၅၆ ကီလိုမီတာ ကွာဝေးလျက် အရှေ့ဘက်၌ ကြာအင်းဆိပ်ကြီး မြို့နယ်၊ အနောက်ဘက်၌ ကပ္ပလီပင်လယ်၊ တောင်ဘက်၌ ရေဖြူမြို့နယ်နှင့် မြောက်ဘက်၌ သံဖြူဇရပ်မြို့နယ်နှင့် ထိဆက်နေသည်။ ၄၄၅ စတုရန်းမိုင် ကျယ်ဝန်းသည့် ရေးမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၇၀ မြင့်သည်။
ရေးမြို့နယ်ကို မြို့သုံးမြို့(ရေး၊ လမိုင်းနှင့် ခေါဇာ)၊ ရပ်ကွက် ၁၄ ခု၊ ကျေးရွာအုပ်စု ၃၀ ၊ ကျေးရွာ ၁၃၉ ရွာဖြင့် ဖွဲ့စည်းထားသည်။ ၂၀၁၇ ခုနှစ် မြို့နယ်လူဦးရေ ၂၆၆၃၁၆ ဦးအနက် မွန်တိုင်းရင်းသားများက ၁၉၅၇၉၉ ဦး(၇၃ ဒသမ ၅၂ ရာခိုင်နှုန်း)ဖြစ်၍ ဗမာလူမျိုးက ၅၀၁၁၀ ဦး(၁၈ ဒသမ ၈၁ ရာခိုင်နှုန်း)ဖြစ်သည်။ ပြည်သူ ၂၆၀၅၂၉ ဦး(၉၇ ဒသမ ၈ ရာခိုင်နှုန်း)သည် ဗုဒ္ဓဘာသာကို ကိုးကွယ်သည်။ ဒေသနေပြည်သူအများစုသည် စိုက်ပျိုးရေးလုပ်ငန်းဖြင့် အသက်မွေးကြကာ ရော်ဘာနှင့် ကွမ်းသီးကို အများဆုံး စိုက်ပျိုးကြသည်။
ရေးမြို့နယ်၌ အထက်တန်းကျောင်း ၁၆ ကျောင်း၊ အထက်တန်းကျောင်းခွဲ ခြောက်ကျောင်း၊ အလယ်တန်း ကျောင်း ၁၂ ကျောင်း၊ အလယ်တန်းကျောင်းခွဲ ၂၂ ကျောင်း၊ မူလတန်းကျောင်း ၁၂၄ ကျောင်း၊ အစိုးရဆေးရုံ ငါးရုံ၊ ကျေးလက်ကျန်းမာရေးဌာန ရှစ်ခုနှင့် ကျေးလက်ကျန်းမာ ရေးဌာနခွဲ ၃၇ ခု ဖွင့်လှစ်ထားသည်။
၂၀၁၉ ခုနှစ် မိုးရာသီကာလအတွင်း ရေကြီးနစ်မြုပ်ခြင်း ခံခဲ့ရသည့် ရေးမြို့နယ်သည် တောင်ညိုတောင်တန်းနှင့် ကပ္ပလီပင်လယ်အကြား၌ တည်ရှိနေသဖြင့် ရေဘေးအန္တရာယ် ကျရောက်လေ့ရှိပြီး ရေးမြစ်၏ စိုးရိမ်ရေမှတ်သည် ၃၁၄၂ စင်တီမီတာဖြစ်သည်။
ကျိုက်ထိုမြို့နယ်မှ ရေးမြို့နယ်အထိ မွန်ပြည်နယ် မြို့နယ် ၁၀ ခုကို သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း တိုးတက်ဖွံ့ဖြိုးနေသည့် မွန်ပြည်နယ်ကို မြင်တွေ့ခဲ့ရကာ အေးချမ်းသာယာ၍ လမ်းပန်းဆက်သွယ်ရေး၊ ရာသီဥတုနှင့် စိုက်ပျိုးမြေကောင်းမွန်မှုတို့ကြောင့် မွန်ပြည်နယ်သည် ဆက်လက်၍လည်း ဖွံ့ဖြိုးတိုးတက်နေဦးမည် ဖြစ်ပေသည်။ ။
မောင်သာ(ရှေးဟောင်းသုတေသန)
ကိုးကား
(၁) မြန်မာ့စွယ်စုံကျမ်း အတွဲ(၂၊ ၈၊ ၉၊ ၁၁၊ ၁၂၊ ၁၃)
(၂) မွန်ပြည်နယ် မြို့နယ် ၁၀ ခု၏ ဒေသဆိုင်ရာ အချက် အလက်များ
(၃) ကိုယ်တွေ့ခရီးသွားမှတ်တမ်းများ


