မော်လမြိုင် နိုဝင်ဘာ ၁၆
အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၁၅ ရက်နံနက်ပိုင်းက ပြည်နယ် အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံး၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတို့၏ တာဝန်ရှိသူများမှ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားပြီး ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်းက မွန်ပြည်နယ်အတွင်း မဲစားရင်းပြုစုရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှု အခြေအနေအား ဆွေးနွေးတင်ပြခဲ့ပြီး ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံး၊ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများက အခြေခံလူဦးရေ စာရင်းဇယားများ မှန်ကန်မှုရှိစေရေး စာရင်းပြုစုဆောင်ရွက်မှု၊ ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြသည်။
ထို့နောက် ဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးခဲ့ကာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခင်စန်းမြင့်(ခရိုင်ပြန်/ဆက်)


