မော်လမြိုင် ဒီဇင်ဘာ ၁၄
မွန်ပြည်နယ် မော်လမြိုင်မြို့ အောက်ကျင်းရပ်ကွက် ဆင်ဖြူစာသင်တိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တခေမာစာရ၏ သက်တော် (၇၄)နှစ်ပြည့် ဝိဇာတမွေးနေ့ အလှူတော်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပသည်။
ဆက်ကပ်လှူဒါန်း
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ဘဒ္ဒန္တခေမာစာရထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော်ထံမှ အန္တရာယ်ကင်း ပရိတ်တရားတော်များ နာယူကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မော်လမြိုင်မြို့ မြစေတီစာသင်တိုက် ပဓာန မဟာနာယက မြဆရာတော်၏ အဘိဓဇမဟာရဋ္ဌဂုရု ဂုဏဝိသိဋ္ဌပူဇာမင်္ဂလာ အပူဇော်ခံဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲသို့ တက်ရောက်ပြီး မြဆရာတော်ထံမှ ဧည့်ပရိသတ်အပေါင်းများက ငါးပါးသီလခံယူဆောက်တည်၍ ဩဝါဒတရားနာယူကာ မြဆရာတော် ဘုရားကြီးအား ပိုဒ်စုံရတုဖြင့် ချီးကျူးပူဇော်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မြဆရာတော်အား အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့လက်မှတ်တော်ကို ထပ်ဆင့်ဆက်ကပ်ပြီး အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးက ဘွဲ့တံဆိပ်တော်နှင့် အလံတော်ကို ထပ်ဆင့်ဆက်ကပ်သည်။
ယင်းနောက် မွန်ပြည်နယ်အစိုးရအဖွဲ့က လှူဒါန်းသော ဓမ္မပူဇာငွေကျပ်သိန်း ၁၀၀ ကို ပြည်နယ်ဝန်ကြီးချုပ်က လည်းကောင်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် အလှူရှင်များက အလှူတော်ငွေများကို လည်းကောင်း ပေးအပ်လှူဒါန်းကြရာ မြဆရာတော်က ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ချီးမြှင့်ပြီး ရွှေရတုတိပိဋကဓရ မော်ကျွန်းဆရာတော်ထံမှ အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချအမျှပေးဝေကြကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်ဝန်ကြီးများက ဆရာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)


