မန္တလေး ၂၆ ဖေဖော်ဝါရီ
မန္တလေးခရိုင် စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့သို့ ၂၀၁၈ ခုနှစ် ဧပြီလမှ ၂၀၁၉ ဇန်နဝါရီလအထိ ကုန်စည်နှင့် ပတ်သက်၍ တိုင်ကြားမှု ၁၁ မှု၊ ဝန်ဆောင်မှုနှင့် ပတ်သက်၍ တိုင်ကြားမှု ၈၆ မှု စုစုပေါင်း တိုင်ကြားမှု ၉၇ မှုရှိကြောင်း သိရသည်။
တိုင်ကြားမှု ၉၇ မှုတွင် ဖြေရှင်းဆောင်ရွက်ပြီးစီးအမှု ၄၀ မှုရှိပြီး ဖြေရှင်းဆောင်ရွက်ဆဲအမှု ၅၇ မှုရှိကြောင်း မန္တလေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ပြုလုပ်သော မန္တလေးခရိုင် စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁/၂၀၁၉) မှ သိရသည်။
မန္တလေးခရိုင် စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့သို့ ဝန်ဆောင်မှုနှင့်ပတ်သက်၍ တိုင်ကြားမှုအများဆုံး ဖြစ်ပွားလျက်ရှိကြောင်း၊ ဖြေရှင်းဆောင်ရွက်ဆဲအမှု (၅၇)မှုတွင် ကုန်စည်နှင့်ပတ်သက်၍ (၂)မှုသာကျန်ရှိပြီး ဝန်ဆောင်မှုနှင့် ပတ်သက်၍ (၅၅)မှု ကျန်ရှိနေသေးကြောင်း မန္တလေးခရိုင် စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ အစည်းအဝေးတွင် မန္တလေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးကြည်က အမှာစကားပြောကြားပြီး ခရိုင်စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ အတွင်းရေးမှူး၊ ခရိုင်စားသုံးသူရေးရာ ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်မြင့်မြင့်သန်းက စားသုံးသူအကာအကွယ်ပေးရေး လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းပြောကြားပြီးနောက် တက်ရောက်လာသော ခရိုင်စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ဝင်များက အသီးသီး ဆွေးနွေးခဲ့ကြောင်း သိရသည်။
မန္တလေးခရိုင် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာလမှ ဖေဖော်ဝါရီလအထိ အသိပညာပေး ဟောပြောပွဲ ၅၄ ကြိမ်၊ ကွင်းဆင်းစစ်ဆေးခြင်း (၄၂)ကြိမ်၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း (၁၉)ကြိမ် ဆောင်ရွက်ခဲ့ကြောင်း ခရိုင်စားသုံးသူရေးရာဦးစီးဌာန၏ စာရင်းများအရ သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)


