မန္တလေး ၂၇ ဖေဖော်ဝါရီ 

 


မန္တလေး မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ်ကြီး၏ အကြိမ် (၃၀)မြောက် သံဃာ အပါး (၁၁၀ဝ) ဆွမ်းဆန် စိမ်းလောင်းလှူပွဲကို မန္တလေးမြို့ရှိ မဟာမြတ်မုနိဘုရားကြီး ပရဝဏ်အတွင်း၌ ဖေဖော်ဝါရီ ၂၇ ရက် မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

a

 

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်း၊ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးဌာန ဝန်ကြီး ဦးစိုင်းပန်းဆိုင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာစိုးသန်း၊ မဟာမြတ်မုနိဘုရားကြီး ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးလင်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်သည်။ ဆက်လက်ပြီး ဘုရားအမှူးပြု၍ မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ်ကြီး ရွှေသပိတ်တော်ကို ပင့်ဆောင်ကာ ရေတော်ဆရာတော်ကြီးနှင့် ဆရာတော် သံဃာတော် အပါး (၁၁၀ဝ) တို့ကို ဝန်ကြီးချုပ်၏ဇနီးနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ မဟာမြတ်မုနိဂေါပကအဖွဲ့နှင့် အလှူရှင်များ၊ လူမှုအဖွဲ့အစည်းများ၊ အများပြည်သူများက ဆွမ်းဆန်စိမ်း၊ အသုံးအဆောင်ပစ္စည်းများ၊ ဆေးဝါးများ၊ အလှူငွေများနှင့် လှူဖွယ်ပစ္စည်း မျိုးစုံတို့ကို လောင်းလှူကြသည်။ ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက အလှူဌာန ဖွင့်လှစ်လောင်းလှူကြသည့် အလှူရှင်များနှင့် အဖွဲ့အစည်းများကို လိုက်လံအားပေးသည်။

 


မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီး ဗုဒ္ဓပူဇနိယပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန်အတွက် သံဃာတော်အပါး ၁၃၀ ကျော်ဖြင့် (၄၁)ကြိမ်မြောက် မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ၊ ဓမ္မသဘင်များ၊ သံဃာတော်အပါး (၁၁၀ဝ) တို့ကို စာရေးတံမဲနှင့် ဆွမ်းတော်ကြီး လောင်းလှူပွဲ စသည့် အစီအစဉ်များကို ကျင်းပခဲ့ပြီး ယနေ့တွင် သံဃာတော်အပါး (၁၁၀ဝ)တို့ကို ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ခြင်းဖြစ်သည်။ 

 


သန်းဇော်မင်း(ပြန်/ဆက်)