မန္တလေးမြို့မှာ စီးပွားရေးအခြေခံ အဆောက်အဦများပါဝင်မည့် Mixed-Use Development စီမံကိန်း ဆောင်ရွက်မည်

မန္တလေး ၃ မေ 

 

မန္တလေးမြို့၏ စီးပွားရေးဆိုင်ရာ အခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်  စီးပွားရေးအခြေခံအဆောက်အဦများပါဝင်သည့် Mixed-Use Development စီမံကိန်းဆောင်ရွက်မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ယနေ့ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ်မန္တလေးတိုင်းဒေသကြီးလွှတ်တော် ၁၃ ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် တင်သွင်းခဲ့သည်။

 

Mixed- Use Development စီမံကိန်းကို မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် သိပ္ပံလမ်း ၊ ၆၉ လမ်းနှင့် လမ်း ၇၀ ကြားရှိ မြေဧရိယာ ၅ ဧကကျော်မှာ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

 

‘မန္တလေးတိုင်းအစိုးရအဖွဲ့ ဘဏ္ဍာရန်ပုံငွေ ရရှီစေနိုင်ပြီး မန္တလေးမြို့မှာ စီးပွားရေး အခြေခံအဆောက်အဦတွေဖွံ့ဖြိုးတိုးတက်လာမည့်အပြင် လူငယ်များအတွက် ပြည်တွင်း ၊ ပြည်ပ နည်းပညာအသစ်များ မျှဝေသွားနိုင်မယ့် Innovation Center ၊ Education Center မြို့နေပြည် သူများအတွက် ကျန်းမာရေး၊ လူမှုရေး ကဲ့သို့ အဖွဲ့လိုက်လှုပ်ရှားမှုများအား တနေရာတည်းမှာ စုစည်းတွေ့ဆုံနိုင်မည့် Community Center တွေလည်းပါဝင်မှာဖြစ်တဲ့အတွက် မြို့နေပြည်သူတွေ အများကြီးအကျိုးကျေးဇူး ရရှိနိုင်မှာဖြစ်ပါတယ်’ဟု မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေး ဝန်ကြီး ဦးဇာနည်အောင်က ပြောသည်။

 

စီမံချက်ဆောင်ရွက်မည့်မြေနေရာဟာ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီနဲ့ Mandalay Investment and Development Group Limited တို့အကျိုးတူပူး ပေါင်းဆောင်ရွက်ရန် သဘောတူစာချုပ် ချုပ်ဆိုထားသည့် Mandalay Convention and Commercial Complex စီမံကိန်းပါ မြေဧရိယာတွေထဲက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အမည်ပေါက်ဖြင့် ပြန်လည်ရယူထားသည့် မြေနေရာဖြစ်သည်။ 

 

အဆိုပါ စီမံကိန်းကို Mandalay Taungthaman Development ကုမ္ပဏီမှ တင်ဒါအောင်မြင်ခဲ့ခြင်းဖြစ်ပြီး ငွေကျပ် ဘီလီယံ ၉၀ ခန့်ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။

 

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် Mandalay Taungthaman Development ကုမ္ပဏီတို့သည် စီမံကိန်းအတွက် Public Private Partnership (PPP) ပုံစံဖြင့်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

 

ရင်းနှီးမြုပ်နှံမှုအတွက် ကုန်ကျစရိတ်မှာ ငွေကျပ် ၉၀ ဘီလီယံဖြစ်ပြီး လုပ်ငန်းလည်ပတ်ချိန်မှ တစ်လအတွင်း သန်း ၂၀ဝ၀ အား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့အား တင်သွင်းရမည်ဖြစ်သည်။ စီမံကိန်းတွင်ပါဝင်မည့် Shopping Mall အတွက် နှစ်စဉ်ငှားရမ်းခ အနေဖြင့် မြန်မာကျပ်ငွေ သန်း ၁၀ဝ၀ အား နှစ်စဉ် ဘဏ္ဍာရေးနှစ်၏ နောက်ဆုံးရက်မှာ မန္တလေးတိုင်းဒေသကြီးအစိုရအဖွဲ့အားတင် သွင်းရမည်ဖြစ်သည်။ 

 

Commercial Complex စတင်လည်ပတ်ချိန်မှစပြီး ငှားရမ်းခများဆိုင်ရာ အသားတင်အမြတ် ငွေ ၅ ရာခိုင်နှုန်းအား အမြတ်ငွေခွဲဝေမှုအဖြစ် ပေးသွင်းရမည်ဖြစ်သည်။ စီမံကိန်းကာလကို သဘောတူစာချုပ်လတ်မှတ်ရေးထိုးသည့်နေ့မှစပြီး နှစ်နှစ်ခွဲအတွင်း ဒီဇိုင်းပုံစံများ ထုတ်လုပ်ခြင်း၊ ဆောက်လုပ်ခွင့်ပြုမိန့်လျှောက်ထားခြင်း၊ တည်ဆောက်မှုလုပ်ငန်းများအပြီးဆောင်ရွက်ခြင်းများ ပြုလုပ်ရမည်ဖြစ်သည်။

 

အိမို့မို့ခိုင်