မန္တလေး ၂၀ ဖေဖော်ဝါရီ
မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်း နည်းပညာပေးသင်တန်းကို ယနေ့ နံနက် ၉ နာရီက မန္တလေးတိုင်းဒေသကြီး မြေအသုံးချရေး တာဝန်ခံရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးတိုးဝေက မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်း နည်းပညာပေးသင်တန်း ဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီး မြေအသုံးချရေးတာဝန်ခံ ဒေါ်ခင်သန္တာဝင်းက အပင်အာဟာရဓာတ်များ စနစ်တကျ စီမံခန့်ခွဲခြင်း၊ မြေဆီလွှာ ကောင်းမွန်အောင် မြေဩဇာ စနစ်တကျ အကျိုးရှိရှိ အသုံးပြု နည်းစနစ်များကို လည်းကောင်း၊ ဒေါက်တာစန်းလှထွေးက သီးနှံပင်အတွက် မရှိမဖြစ်လိုအပ်သော အာဟာရဓာတ်များ ချို့တဲ့ရခြင်း အကြောင်းနှင့် သီးနှံအစားအစာ အဆိပ်သင့်ခြင်း လက္ခဏာများအကြောင်းကို လည်းကောင်း ပရိုဂျက်တာဖြင့် ကဏ္ဍအလိုက် သင်ကြားပို့ချပေးခဲ့သည်။
ယင်းနောက် တက်ရောက်လာသည့် သင်တန်းသားများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ တိုင်းဒေသကြီး မြေအသုံးချရေးတာဝန်ခံ ဒေါ်ခင်သန္တာဝင်းနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့သည်။
အဆိုပါ မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်း နည်းပညာပေးသင်တန်းသို့ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြို့နယ်ရုံးတို့မှ မြေအသုံးချရေးတာဝန်ခံ(ဝန်ထမ်း) သင်တန်းသား၊ သင်တန်းသူ ၅၀ ဦး တက်ရောက် သင်ကြားခဲ့ပြီး သင်တန်းအား နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းကို စိုက်ပျိုးမြေအသုံးချမှု နည်းစနစ်များနှင့် ပတ်သက်သည့် သီးနှံပင်များအတွက် လိုအပ်သော အာဟာရဓာတ်များ စနစ်တကျ စီမံခန့်ခွဲတတ်စေရန်နှင့် မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ နည်းလမ်းများ ကောင်းစွာ သိရှိနားလည်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


