မန္တလေး ဒီဇင်ဘာ ၁၆
BAJAJ သုံးဘီးယာဉ် ကုမ္ပဏီကကြီးမှူး၍ လူစီးသုံးဘီးယာဉ်ပိုင်ရှင်များနှင့် ယာဉ်မောင်းများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ဒီဇင်ဘာ ၁၆ ရက် နံနက်ပိုင်းက မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်(၅၃)လမ်းနှင့် (၃၂)လမ်းထောင့်ရှိ CEREMON ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် BAJAJ ကုမ္ပဏီမှ အကြီးတန်းမန်နေဂျာ ဦးမျိုးသီဟက အမှာစကား ပြောကြားပြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန၊ ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် ယာဉ်လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ(မြို့တွင်း)မှ တာဝန်ရှိသူများက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများကို ပညာပေးဟောပြောသည်။
ထို့နောက် BAJAJ လူစီးသုံးဘီး မော်တော်ယာဉ်ကုမ္ပဏီမှ စျေးကွက်မန်နေဂျာ ဦးအာကာမင်းက “သုံးဘီးယာဉ်မောင်းတွေအနေနဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေကို ပိုမိုသိရှိလိုက်နာပါက အန္တရာယ်ကင်းစေမယ်။ သူတို့ မိသားစုတွေရဲ့ ဘဝရှေ့ရေးပြည့်စုံကောင်းမွန်ပြီး ရေရှည်ရပ်တည် နိုင်မှာဖြစ်သလို အလုပ်အကိုင်အခွင့်အလမ်းတွေရရှိစေပါတယ်” ဟု ပြောသည်။
မန္တလေးမြို့တွင် လူစီးသုံးဘီးယာဉ်များ များပြားလာသည်နှင့်အမျှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာရေး အသိပညာပေး ဟောပြောပွဲများ ပြုလုပ်ခြင်းဖြင့် ယာဉ်အန္တရာယ်ကင်းဝေးစေမည်ဖြစ်ပြီး အဆိုပါ ယာဉ်များတွင် ယာဉ်မောင်းလိုင်စင်နှင့် လုပ်ငန်းလိုင်စင်ပါရှိရန်လိုကြောင်း သိရသည်။
မောင်အေးချမ်း


