မန္တလေးမြို့တွင် အခြေခံပညာအဆင့် စတုတ္ထတန်းနှင့် အဋ္ဌမတန်းစာမေးပွဲများ စတင်ဖြေဆို

မန္တလေး ၁၈ ဖေဖော်ဝါရီ              

  

၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွက် အခြေခံပညာအဆင့် စတုတ္ထတန်းနှင့် အဋ္ဌမတန်းစာမေးပွဲများကို ဖေဖော်ဝါ ရီ ၁၈ ရက်နေ့မှ စတင်၍ မန္တလေးမြို့တွင် ဖြေဆိုလျက်ရှိကြောင်း သိရှိရသည်။

 

အဆိုပါစာမေးပွဲများတွင် မန္တလေးတိုင်းဒေသကြီးအတွင်းမှ အခြေခံပညာအလယ်တန်းအဆင့် အဋ္ဌမ တန်းစာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ ၈၆၅၈၃ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြပြီး စာစစ်ဌာန ၁၁၉၄ ခုဖွင့်လှစ်ပေးထား ကာ အခြေခံပညာမူလတန်းအဆင့် စတုတ္ထတန်းစာမေးပွဲတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ ၁၀၆၅၀ဝ ဦးအတွက် စာစစ်ဌာန ၃၈၉၇ ခု ဖွင့်လှစ်ပေးထားကြောင်း တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန်းစန်းမော် (စီမံကိန်းကြီးကြပ်အကဲဖြတ်)က ပြောသည်။

 

“ကျွန်မတို့ ပြုစုထားတဲ့ မေးခွန်းတွေမှာ မြန်မာနိုင်ငံရဲ့ပညာရေး အရည်အသွေးမြင့်မားအောင် သိမှုနယ်ပယ်၊ နားလည်မှုနယ်ပယ်၊ကျွမ်း ကျင်မှုနယ်ပယ်တွေ စုံလင်အောင် ထည့်သွင်းမေးမြန်းထားတယ်။ ဒီမေးခွန်းတွေကို ကျောင်းသား၊ ကျောင်းသူ တွေ ဖြေဆိုနိုင်မှာဖြစ်တဲ့အပြင် မေးခွန်းကလည်း တိုင်းဒေသကြီးအတွက် စံချိန်စံညွှန်းမှီတဲ့ မေးခွန်းတစ်ခုဖြစ် မှာပါ” ဟု ၎င်းက ပြောသည်။

 

အခြေခံပညာအဆင့် စတုတ္ထတန်းနှင့် အဋ္ဌမတန်းစာမေးပွဲမေးခွန်းများကို ၂၀၁၅-၂၀၁၆ ခုနှစ် ပညာသင်နှစ်မှစ၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အဋ္ဌမတန်းမေးခွန်းများကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးရုံးများမှ ပြုစု၍ စတုတ္ထတန်းမေးခွန်းများကို သက်ဆိုင်ရာခရိုင်ပညာရေးမှူးရုံးများမှ ကြီးကြပ်ပြုစုကာ ဖြေဆိုခွင့်ပြုခဲ့ကြောင်းနှင့် ယခု ကျင်းပသည့် အဋ္ဌမတန်းစာမေးပွဲများကို ဖေဖော်ဝါရီ ၂၅ ရက်နေ့အထိလည်းကောင်း၊ စတုတ္ထတန်းစာမေးပွဲကို ဖေဖော်ဝါရီ ၂၂ နေ့အထိလည်းကောင်း ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)