မန္တလေး ၁၉ ဖေဖော်ဝါရီ
မြန်မာနိုင်ငံအတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ အမေရိကန်နိုင်ငံ တက္ကသိုလ်များတွင် တက်ရောက်ပညာ သင်ယူနိုင်ရန် နည်းလမ်းများနှင့် ၎င်းတက္ကသိုလ်များမှ ပေးအပ်သည့် ပညာသင်ဆု အစီအစဉ်များကို ပိုမိုသိရှိနိုင်စေရန် ရည်ရွယ်၍ အမေရိကန်နိုင်ငံ တက္ကသိုလ်များ ပညာရေးပြပွဲ (Education USA University Fair) ကို ယနေ့ နံနက် ၉ နာရီက မန္တလေးမြို့ရှိ ဂျက်ဖာဆန် စင်တာတွင် ကျင်းပသည်။
အဆိုပါ ပြပွဲတွင် အမေရိကန်နိုင်ငံရှိ တက္ကသိုလ်ကျောင်းပေါင်း ၃၀ မှ ကိုယ်စားလှယ်များ တက်ရောက်သည့်အတွက် ၎င်းတို့နှင့် တိုက်ရိုက်တွေ့ဆုံ မေးမြန်းကာ ပညာသင်ကြားနိုင်ရေးနှင့် ပတ်သက်၍ ပိုမိုသိရှိနိုင်မည့် အခွင့်အရေးများ ရရှိနိုင်မည်ဖြစ်ကြောင်း အမေရိကန်သံရုံးမှ ပြည်သူ့ရေးရာအရာရှိ ဂျော်န် အာ ဂရို့ချ်က ပြောသည်။
“အမေရိကန်နိုင်ငံမှာ တက္ကသိုလ်ကျောင်းပေါင်း လေးထောင်ကျော် ရှိတဲ့အတွက် မြန်မာ ကျောင်းသားတွေအနေနဲ့ သင့်တော်တဲ့ကျောင်းကို ရွေးချယ်ပြီး တက်ရောက်နိုင်တဲ့ အခွင့်အလမ်း တွေ အများကြီးရှိပါတယ်။ အင်္ဂလိပ်စာကို တိုးတက်အောင်တော့ လေ့ကျင့် ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ အမေရိကန်တက္ကသိုလ်တွေမှာ တက်ရောက်နိုင်ဖို့ နည်းလမ်းတွေကို မန္တလေးမြို့မှာ ဂျက်ဖာဆန်စင်တာနဲ့ ရန်ကုန်မှာဆိုရင် အမေရိကန်စင်တာမှာရှိတဲ့ အကြံပေးအဖွဲ့တွေနဲ့ လာရောက်ဆွေးနွေးကြဖို့ ဖိတ်ခေါ်ပါတယ်”ဟု ၎င်းက ပြောသည်။
ထို့ပြင် အမေရိကန်တက္ကသိုလ်တွင် တက်ရောက် ပညာသင်ကြားမည့် ကျောင်းသား၊ ကျောင်းသူ များအတွက် အမေရိကန်အစိုးရမှ ပေးအပ်သည့် နွေရာသီသင်တန်း ပညာသင်ဆုများနှင့် တက္ကသိုလ်များမှ တိုက်ရိုက်ပေးအပ်သည့် ပညာသင်ဆု အခွင့်အလမ်းများစွာရှိပြီး တက္ကသိုလ်များတွင် လေးနှစ် ပညာသင်ယူရသည့် တစ်ခုတည်းသော နည်းလမ်းသာမက တစ်နှစ် သို့မဟုတ် ခြောက်လသင်တန်းများလည်းရှိကြောင်း သိရသည်။
လက်ရှိ ယခုနှစ်တွင် အမေရိကန်နိုင်ငံရှိ တက္ကသိုလ်များ၌ တက်ရောက်ပညာသင်ကြားနေသည့် မြန်မာကျောင်းသားကျောင်းသူဦးရေ ၁၅၀ဝ ကျော်ရှိပြီး ယခုပြပွဲကို ရန်ကုန်မြို့ရှိ အမေရိကန်စင်တာတွင်လည်း ဖေဖော်ဝါရီ ၂၁ ရက်နေ့၌ မွန်းလွဲ ၂ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဖြိုးကျော်၊ ဓာတ်ပုံ - အေပီကေ


