မန္တလေး ၁၂ ဖေဖဝါရီ


မန္တလေးမြို့တွင်  မီးဘေးအန္တရာယ် ကင်းဝေးစေရန်နှင့် မီးလောင်မှုဖြစ်စေနိုင်သည့် လျှပ်စစ်ပစ္စည်းများ မီးဖိုများမီးလောင်မှု ဖြစ်စေမည့် ပစ္စည်းများကို တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်လံစစ်ဆေး သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဗဟိုမီးသတ် ဦးစီးဌာနမှ သိရသည်။


မီးဘေးအန္တရာယ်များ ထပ်မဖြစ်စေရန်အတွက် မန္တလေးမြို့ပေါ်ရှိ ရပ်ကွက်တိုင်း ရပ်ကွက်တိုင်းတွင် မီးဘေးအန္တရယ် ကာကွယ်ရန်အတွက် ဟောပြောပွဲများ လိုက်လံစစ်ဆေး ဆောင်ရွက်ခြင်းများကို အထူးစီမံချက်များဖြင့် ဆောင်ရွက်သွားမည် ဖြစ်သည်။


"မီးဘေးအန္တရာယ်တွေ မဖြစ်အောင် ဟောပြောပွဲတွေ တစ်အိမ်တက် တစ်အိမ်ဆင်းတွေ လုပ်မယ် အရင်ကလဲ ဒါမျိုးတွေ လုပ်ခဲ့တယ် ခုတော့ပိုပြီး အထူးစီမံချက်နဲ့ လုပ်ရမှာပါ မီးဘေးကြိုတင် ကာကွယ်ဖို့ အထူးဂရုစိုက်သွားမှာပါ" ဟု အဆိုပါဌာနမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။


မီးဘေး အန္တရာယ်များ မဖြစ်စေရန်နှင့် အိမ်များကို တစ်အိမ်တက် ဆင်းလိုက် စစ်ရန် ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးက မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ကို ညွှန်ကြားထားကြောင်း ၎င်းကပြောသည်။ 


လတ်တလောဖြစ်ပွားနေသည့် မီးလောင်မှုများသည် ပေါ့ဆမီးကြောင့် အများဆုံး လောင်ရတာဖြစ်ပြီး မီးလောင်လျှင် မီးသတ်ရုံးကို သတင်းပေးနောက်ကျမှုတွေ သတင်းမပေးဘဲ ဘေးလူများဖြင့် ငြှိမ်းစေခဲ့တာကြောင့် တစ်အိမ်ပြီးတစ်အိမ် ကူးစက်လောင်ကျွမ်းစေခဲ့သည်။


"မီးလောင်လျှင် မီးသတ်ရုံးကို ဦးစာပေး သတင်းပေးပို့စေချင်ပါတယ် ခုဟာက မီးလောင်ပြီဆိုရင် မီးသတ်ကို အရင်ဆုံး သတင်းမပို့ဘဲ ကိုယ်လူနဲ့ကိုယ်ငြှိမ်းနေကြတယ် သူတို့သတင်းပို့တာ နောက်ကျတော့ မပါသင့်တဲ့ အိမ်တွေပါ ကုန်တယ် နောက်ပြီး အိမ်တိုင်းမှာ မီးသတ်ဆေးဗူးတွေ ဆောင်ထားစေချင်ပါတယ်" ဟု၎င်းက ဆက်ပြောသည်။


၂၀၁၇ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဒီဇင်ဘာလကုန်ထိ မီးလောင်မှု ၂၀၂ ကြိမ်ဖြစ်ပွားပြီး ၂၀၁၈ ခုနှစ်တွင် မီးလောင်မှု ၂၁၅ ကြိမ်ထိ ရှိခဲ့သည်။ ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ် မီးလောင်မှုများကို နှိုင်းယှဉ်ကြည့်ပါက ၂၀၁၈ နှစ်တွင် မီးလောင်မှုအကြိမ်ရေ ၁၃ ကြိမ်ပိုခဲ့သည်။


မန္တလေးတိုင်းဒေသကြီးတွင် မီးသတ် တပ်ဖွဲ့ဝင် သန္ဓေအရာထမ်း၊ အမှုထမ်း ၁၀၂၇ဦးနှင့် အရန်တပ်ဖွဲ့ဝင် ၃၆၀၁၁ ဦးရှိပြီး မီးလောင်မှု အပါအဝင် သဘာဝ ဘေးအန္တရာယ် ဖြစ်ပွားမှုနှင့် မတော်တဆ ထိခိုက်မှုများအတွက် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများလည်း ပြုလုပ်ဆောင် ရွက်နေကြောင်း သိရသည်။


သူရိန်လင်း