မန္တလေး ၂၇ ဖေဖော်ဝါရီ
မန္တလေးမြို့တော်အတွင်း နေအိမ်များရှေ့ရှိ ရေမြောင်းကို ကျော်လွန်၍ လမ်းပလက်ဖောင်းများပေါ်တွင် ကျူးကျော်ဆောင်ရွက်ထားရှိမှုများအား မတ်လ ၁ ရက်မှစတင်၍ စီမံချက်ဖြင့် ဖယ်ရှားရှင်းလင်းခြင်း လုပ်ငန်းများကို မန္တလေးမြို့နယ် သုံးမြို့နယ်မှ စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဇောအောင်က ပြောသည်။
အဆိုပါ ဆောင်ရွက်မည့် လုပ်ငန်းများကို မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အခွန်ဌာန၊ ပန်းဥယျာဉ်နှင့် ကစားကွင်းများဌာနနှင့် လမ်းတံတားဌာနတို့မှ ဌာနစုမှူးများ ဦးဆောင်၍ အောင်မြေသာစံ၊ ချမ်းအေးသာစံနှင့် မဟာအောင်မြေ မြို့နယ်အတွင်းရှိ နေအိမ်ရှေ့ရေမြောင်းကို ကျော်လွန်၍ စိုက်ပျိုးထားသည့် အပင်များ၊ မီးစက်များနှင့် ကျူးကျော်ဆောင်ရွက်ထားမှု အားလုံးကို ဖယ်ရှားရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
“အချို့အိမ်တွေရဲ့ရှေ့မှာ ရေမြောင်းကို ကျော်ပြီး အလှအပအတွက် အပင်တွေ စိုက်ပျိုးထားတာ ရည်ရွယ်ချက်ကောင်းပေမယ့် အချို့ကတော့ အပင်စိုက်ထားတာကို အကြောင်းပြုပြီး ထိုင်ခုံတွေချတယ်။ အဖီတွေ ကျူးကျော်ဆောက်လုပ် လာတဲ့အတွက် အများပြည်သူတွေ သွားလာဖို့ ခက်ခဲလာတာကြောင့် အခုလို ဆောင်ရွက်ရတာဖြစ်ပါတယ်။ ဒါကြောင့် မြို့တော်သူ မြို့တော်သားတွေကလည်း ကိုယ်အိမ်ရဲ့ မျက်နှာစာမှာရှိတဲ့ ရေမြောင်းကိုကျော်ပြီး လုပ်ဆောင်ထားတာမှန်သမျှ အမြန်ဆုံး ဖယ်ရှားသိမ်းဆည်းပြီး ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်” ဟု ၎င်းက ပြောသည်။
အဆိုပါ စီမံချက်ဖြင့် ဆောင်ရွက်ရာတွင် ပထမအကြိမ် သတိပေးစာများ ဖြန့်ဝေခြင်း၊ ဒုတိယအကြိမ် အနေဖြင့် ဖယ်ရှားရှင်းလင်းရန် ကာလသတ်မှတ်ပေးခြင်းများ ဆောင်ရွက်ပြီးမှသာ လိုက်နာမှုမရှိပါက တတိယအကြိမ်အဖြစ် ဖယ်ရှားသိမ်းဆည်း၍ အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်သွားမည်ဖြစ်ပြီး ကျန်ရှိသည့် မြို့နယ်များတွင်လည်း ၎င်းစီမံချက်ဖြင့် ဆက်လက်ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း သိရသည်။
အောင်ဖြိုးကျော်


