မန္တလေး အောက်တိုဘာ ၉

ယနေ့ကျရောက်သည့် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) သည် နေ့ထူးနေ့မြတ် ဖြစ်သည်နှင့်အညီ မန္တလေးမြို့ရှိ တန်ခိုးကြီးဘုရားများ၊ မြို့နယ်၊ ရပ်ကွက်အသီးသီးရှိ စေတီပုထိုးများနှင့် ဓမ္မာရုံများ၌ ပန်း၊ ရေချမ်း၊ ဆီမီးကပ်လှူပူဇော်၍ ကုသိုလ်ကောင်းမှု ပြုလုပ်ကြပြီး ဥပုသ်သီလ ခံယူဆောက်တည်ကြသည်။

မန္တလေးပြည်သူများသည် ဒေသ၏ ကုသိုလ်ကောင်းမှု ပြုလုပ်ကြသည့် ဓလေ့ထုံးစံအတိုင်း နံနက် အာရုံတက်တွင် မဟာမုနိဘုရားကြီးသို့ ဉီးခိုက်ပူဇော်ကာ ပန်းရေချမ်းဆီမီးများနှင့် ရွှေသင်္ကန်းများကို ဘုရားဂေါပက တာဝန်ရှိသူများက ကိုဗစ်-၁၉ ကာကွယ်ရေး နည်းလမ်းများအတိုင်း ဆက်ကပ် လှူဒါန်းကြသည့်အပြင် မြို့တွင်းရှိ တန်ခိုးကြီးဘုရားများ ဖြစ်ကြသည့် ရွှေကျီးမြင် မြတ်စွာဘုရား၊ မန္တလေးတောင်ခြေရှိ ကျောက်တော်ကြီး၊ စန္ဒာမုနိဘုရားများအပြင် အောင်တော်မူဘုရား၊ ဘုရားနီဘုရားတို့တွင်လည်း ကုသိုလ်ပြုကြသူများ၊ ဘုရားစေတီများ၏ အေးချမ်းသည့် အရိပ်အာဝါသ အောက်တွင် တရားဘာဝနာပွားများကြသူများဖြင့် အထူးစည်ကားလျက်ရှိသည်ကိုလည်း တွေ့မြင်ရသည်။

 

mdn

 

မန္တလေးမြို့ရှိ မဟာသကျမာရဇိန် ကျောက်တော်ကြီး မြတ်စွာဘုရား၏ (၁၃၄) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် သံဃဒါန ဆွမ်းတော်ကြီး လောင်းလှူပွဲကိုလည်း ကျင်းပခဲ့ပြီး မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရားနှင့် စန္ဒာမုနိဘုရားပွဲတော်ကိုလည်း နှစ်စဉ်ကျင်းပမြဲဖြစ်သည့်အတိုင်း စက်တင်ဘာ ၈ ရက်နေ့မှစတင်၍ ကျင်းပလျက်ရှိရာ ယနေ့သီတင်းကျွတ် လပြည့်နေ့တွင်လည်း အလှူရှင်ပြည်သူများ၊ ဘာသာရေးအသင်းအဖွဲ့ အသီးသီးတို့က ဆွမ်းတော်ကြီးကပ်လှူခြင်း၊ ပန်း၊ ရေချမ်း၊ လျှပ်စစ်မီး၊ ဖယောင်းတိုင်၊ ဆီမီးထွန်းညှိပူဇော်ခြင်း၊ နိဗ္ဗာန်ဈေးရောင်းချခြင်းတို့ဖြင့် ကုသိုလ်ကောင်းမှုများပြုလုပ် ကြသည်။ 

ထို့ပြင် ဗုဒ္ဓဘာသာ ဓလေ့ထုံးတမ်းများနှင့်အညီ ဆွမ်းဆန်တော် လောင်းလှူပူဇော်ခြင်း၊ ဓမ္မစကြာရွတ်ဆိုခြင်း၊ ပရိတ်တရားတော်များနှင့် ပဌာန်းဒေသနာတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ မိဘ၊ ဘိုးဘွား၊ ဆရာသမား၊ သက်ကြီးဝါကြီးများအား ကန်တော့ခြင်းစသည့် ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်ကြပြီး လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါတို့ ကျန်းမာချမ်းသာ၍ ငြိမ်းချမ်းကြစေကြောင်း ဆုမွန်ကောင်းများတောင်း၍ မေတ္တာပို့သကြသည်။


သီတင်းကျွတ်လပြည့် ညပိုင်းတွင်လည်း မြန်မာ့ရိုးရာသီတင်းကျွတ် မီးထွန်းပွဲတော်ကို မန္တလေးမြို့တော် ရတနာပုံ ဥယျာဉ်အရှေ့ဘက်ခြမ်းတွင် ကျင်းပရာ စတုဒီသာအကျွေးအမွေးများဖြင့် ဧည့်ခံပြီး မြို့မတေးဂီတအဖွဲ့၊ ကျောက်ဆည်ဆင်အက၊ မန်းစည်ပင်တေးဂီတအဖွဲ့တို့က ရိုးရာအကအလှများဖြင့် ဖျော်ဖြေခဲ့ကြပြီး မန္တလေးမြို့တွင်းရှိ အထင်ကရဘုရားများနှင့် ရပ်ကွက်များမှဘုရား၊ စေတီများ၊ ဓမ္မာရုံများနှင့် နေအိမ်များတွင် မြတ်စွာဘုရားရှင်ကို ရည်မှန်း၍ ဆီမီးထွန်းညှိ ပူဇော်ကြခြင်း၊ ကလေးငယ်များမှ မီးရှူးမီးပန်းများနှင့် မီးပုံးအရုပ်များဖြင့် ပျော်ရွှင်စွာ ဆော့ကစားခြင်းများအပြင် မိသားစုအလိုက် မိဘ၊ ဆရာသမားများအား ဂါရဝပြု ကန်တော့ခြင်းများဖြင့် ရိုးရာယဉ်ကျေးမှု ဓလေ့ပုံရိပ်ကို ပီပြင်စွာ ဖော်ထုတ်ခဲ့ကြသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)