မန္တလေး ၂၄ ဖေဖော်ဝါရီ
တိုင်းပြည်အနာဂတ်နှင့် လူငယ်ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲကို မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ မန္တလေးကွန်ဗင်းရှင်းစင်တာတွင် ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီနာယက ဒေါက်တာယုယုမေက အဖွင့်အမှာ စကားပြောကြားပြီး Young Leaders Initiative Program (YLI) မှ ဒေါက်တာကေသရီကျော်မှ ဟောပြောပွဲကျင်းပရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။ ထို့နောက် YLI မှ လူငယ်များက “နောက်လိုက်ကောင်းဖြစ်မှ ခေါင်းဆောင်ကောင်းဖြစ်မည်’’ ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပြီး “အမှားကိုပြင် အမှန်ခရီးဆက်ကြသူများ’’ လူငယ်အသိပညာပေး ပြဇာတ်တို့ဖြင့် ဖျော်ဖြေတင်ဆက်သည်။ ယင်းနောက် YLI မှ ဒေါက်တာကေသရီကျော်က “လူငယ်နှင့်အနာဂတ်’’ ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောသည်။
အဆိုပါ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီနာယကနှင့် ကော်မတီဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ Young Leaders Initiative Program (YLI) မှ တာဝန်ရှိသူများ၊ စိတ်ပါဝင်စားသူ လူငယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
သန်းဇော်မင်း(ပြန်/ဆက်)


