မန္တလေး ၂၈ ဖေဖော်ဝါရီ

မန္တလေးမြို့တွင် တရားမဝင်ဖွင့်လှစ်ထားသည့် ဟိုတယ်၊  မိုတယ်၊  အင်းနှင့် တည်းခိုခန်းများ ဖွင့်လှစ်လုပ်ကိုင်နေမှုများ ရှိနေခြင်းကို ပူးပေါင်းအဖွဲ့များဖြင့်စစ်ဆေး အရေးယူမှုများ ဆောင်ရွက်သွားမည်ဟု မန္တလေးတိုင်းဒေသကြီး စီမံဘဏ္ဍာဝန်ကြီး ဦးမြတ်သူက ပြောသည်။

တရားမဝင်ဖွင့်လှစ်ထားသည့် ဟိုတယ်၊  မိုတယ်၊ အင်းနှင့် တည်းခိုခန်းများသည် အခွန်ပေးဆောင်ရခြင်းမရှိ၍ တည်းခိုးခနှုန်းထားများ ဈေးသက်သာခြင်း၊ အချိန်ပိုင်း တည်းခိုနိုင်ခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲမှုများရှိခြင်းတို့ကြောင့် ကျောင်းသားလူငယ်များအကျင့်စာရိတ္တပိုင်း ပျက်စီးစေနိုင်ခြင်း၊ နိုင်ငံတော်အတွက် အခွန်ငွေနစ်နာမှုပိုင်းများ ရှိနေသဖြင့် မည်သို့ အရေးယူ ကြပ်မတ်ဆောင်ရွက်သွားမည်ကို  ချမ်းမြသာစည်မြို့နယ် မဲဆန္ဒနယ်(၂)တိုင်းဒေသကြီး လွတ်တော် ကိုယ်စားလှယ် ဦးမြင့်အောင်မိုးက ယနေ့ ကျင်းပပြုလုပ်သည့်  တိုင်းဒေသကြီးလွတ်တော် ၁၂ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် မေးမြန်းခဲ့ခြင်းဖြစ်သည်။

“တည်းခိုခန်းကို ဟိုတယ်မိုတယ်နာမည် တပ်ထားတာတွေကို  ဟိုတယ်လုပ်ငန်းပိုင်းက ဥပဒေအရ သွားစစ်လို့ မရတာက ဧည့်စာရင်းစစ်တဲ့ ဥပဒေမရှိလို့ပါ။ လုံခြုံရေးထိခိုက်တာလည်း သဘောပေါက်ပါတယ်။ တာဝန်ရှိသူများ ပူးပေါင်းပြီးသတ်မှတ်ကာလထိ ပိတ်သိမ်းပြီးတဲ့ ဟိုတယ်တွေကို စနစ်တကျပြန်လည် စိစစ်ပါ့မယ်။အလားတူ တစ်ဖက်ကလည်း စည်ပင်ဥပဒေနဲ့ ခွင့်ပြုတဲ့ တည်းခိုခန်းတွေကိုလည်း မြို့တော်ဝန်နဲ့ ညှိနိုင်းပြီး မတတ်သင့်တဲ့ ဆိုင်းဘုတ်၊ လက်မခံသင့်တဲ့ ဧည့်သည်လက်ခံတာ မဖြစ်အောင် ဆက်လက်ဆောင်ရွက်ပါမယ်”ဟု မန္တလေးတိုင်းဒေသကြီး စီမံဘဏ္ဍာ ဝန်ကြီး ဦးမြတ်သူက ဖြေကြားခဲ့သည်။

ဟိုတယ်၊ မိုတယ်၊ အင်း တည်းခိုခန်းလုပ်ကိုင်ခွင့်လိုင်စင်တွင်  ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ချထားပေးသည့် လိုင်စင်နှင့် မန္တလေးမြို့တော်စည်ပင်မှ ချထားပေးသည့် တည်းခိုခန်းလိုင်စင် ဟူ၍ နှစ်မျိုးရှိသည်။ မန္တလေးမြို့တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ချထားပေးသည့်လိုင်စင်ရရှိသော ဟိုတယ်ပေါင်း ၂၁၉ ခု၊ တည်းခိုရိပ်သာ ၁၀ဝ ရှိပြီး ပြည်တွင်း ပြည်ပဧည့်သည်များ တည်းခိုခွင့်ရှိသည်။

မန္တလေးမြို့တော်စည်ပင်မှ ချထားပေးသည့်တည်းခိုခန်း လိုင်စင် (၂၀၅)ခု ရှိပြီး ပြည်တွင်း ဧည့်သည်များသာ တည်းခိုခွင့်ရှိသည်။ ယခုအခါ စည်ပင်သာယာလိုင်စင်ရရှိထားသော တည်းခိုခန်းအချို့သည်  ဟိုတယ်၊ မိုတယ် ဆိုင်း ဘုတ်များတပ်ဆင်ကာ ဈေးချိုချိုနှင့် အချိန်ပိုင်းငှားရမ်းမှုများနှင့် နိုင်ငံခြားသာ လက်ခံမှုများရှိနေကြောင်း သိရသည်။

“လဝက၊ ရဲတပ်ဖွဲ့ စတဲ့ ဌာနဆိုင်ရာတွေ စစ်ဆေးတဲ့အခါ လိုင်စင်စာရင်းရှိတဲ့ ဟိုတယ်၊ မိုတယ် တည်းခိုခန်းတွေသာ စစ်ဆေးတဲ့အတွက် တရားမဝင်ဖွင့်သူတွေက ဥပဒေကနေ လွတ်နေသလို လူငယ်များလမ်းမှားမရောက်ဖို့ တရားဥပဒေစိုးမိုးပြီး အခွန်ဘဏ္ဍာရရှိအောင် အရေးယူပေးဖို့ မေးမြန်းတာပါ။ အခွန်ဆောင်ရတာမရှိတော့ ဈေးချိုလို့ အချိန်ပိုင်းလာကြတဲ့ ကျောင်းသားတွေ တွေ့ရတယ်။ စာရိတ္တရိုက်ချိုးရာ ရောက်ပါတယ်။ မူးယစ်ဆေးသုံးသူတွေလည်း လာကြတော့ သူတို့ကျင်လည်ကျက်စားနေတယ်။ အထူးသဖြင့် နိုင်ငံခြားသားတည်းခိုလို့ မရတဲ့ တည်းခိုခန်းတွေမှာ နိုင်ငံခြားသားလက်ခံနေပြီး တာဝန်ယူမှု တာဝန်ခံမှုမရှိပါဘူး”ဟု ဦးမြင့်အောင်မိုးက ပြောသည်။

မန္တလေးတိုင်းအတွင်း ဖွင့်လှစ်ထားသည့် ဟိုတယ် မိုတယ် တည်းခိုခန်းများကို ၂၀၁၈ ဒီဇင်ဘာလက ပူးပေါင်း အဖွဲ့ဖြင့် စစ်ဆေးခဲ့ရာ တရားမဝင်ဖွင့်ထားသည့် တည်းခိုခန်းများက ဟိုတယ်အမည်ခံဖွင့်လှစ်ခြင်း၊ စည်းကမ်းနှင့် ညီညွတ်မှုမရှိခြင်တို့တွေ့ရှိရသဖြင့် ယာယီပိတ်သိမ်းခြင်းဖြင့် အရေးယူထားပြီး တရားဝင်လိုင်စင်ဖြင့် ဖွင့်လှစ်ရေး လျှောက်ထားစေခဲ့ကြောင်း၊စည်ပင်သာယာခွင့်ပြုသည့် တည်းခိုခန်းများတွင်လည်း စည်းကမ်းနှင့်မညီသောကြောင့် ဒဏ်ရိုက်အရေးယူခဲ့ကြောင်း သိရသည်။

အိမို့မို့ခိုင်