နေပြည်တော် ဒီဇင်ဘာ ၂၇

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ် သရက်ကွင်းကျေးရွာအနီး၌ အသစ်ပြန်လည်တည်ဆောက်မည့် ဆင်သေ ရေလွှဲဆည်နေရာကို ကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သော ဆင်သေရေလွှဲဆည် ပြောင်းရွှေ့ တည်ဆောက်ရန် နေရာအသစ်၏ ရေဝပ်ဧရိယာအတွင်း ပါဝင်သည့် စိုက်ပျိုးမြေအား စီမံခန့်ခွဲထားရှိမှု အခြေနေ၊ ဆင်သေရေလွှဲဆည် (အသစ်) အတည်ပြုဒီဇိုင်းပုံစံနှင့် တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်မည့် အခြေအနေများ၊ ရေလွှဲဆည်အူကြောင်း (Align-ment) ရွေးချယ်ထားရှိမှုတို့ကို ရှင်းလင်းတင်ပြကြသည်။

 

တင်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက အသစ်ပြန်လည်တည်ဆောက်မည့် ဆင်သေ ရေလွှဲဆည်၏ ရေဝပ်ဧရိယာအတွင်း ပါဝင်သည့် လယ်ယာမြေများအတွက် အစားထိုး နေရာချထား ပေးရာတွင် စက်မှုလယ်ယာ စနစ်ကျလယ်ယာမြေဧက အကွက်ကြီးများ ဖော်ဆောင်ပေးနိုင်ရေး၊ နွေ၊ မိုး၊ ဆောင်း သုံးရာသီစိုက်ပျိုးသည့် လယ်မြေများအား ဦးစားပေး၍ ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး တို့အတွက် ဒေသခံတောင်သူများနှင့် အသေးစိတ်ဆွေးနွေးသွားရန်၊ ရေလွှဲဆည် တည်ဆောက်ရာတွင် အတည်ပြု ဒီဇိုင်းပုံစံများအတိုင်း သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အရည်အသွေးပြည့်မီစွာ တည်ဆောက်နိုင်ရေးအတွက် အကြိုတည်ဆောက်ရေးလုပ်ငန်းများကို လျာထားစီမံဆောင်ရွက် သွားကြရန် တာဝန်ရှိသူများအား ဆွေးနွေးမှာကြားသည်။

 

မန္တလေး ငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သော ဆင်သေရေလွှဲဆည်ကို ဘူမိအနေအထား တည်ငြိမ်မှု ရှိသည့် သရက်ကွင်း ကျေးရွာအနီး၌ တမံအလျား ပေ ၄၀၀၊ အမြင့် ခြောက်ပေရှိ သံကူ ကွန်ကရစ်အမျိုးအစား ရေလွှဲဆည်အသစ် တည်ဆောက်မည်ဖြစ်ပြီး မူလဆင်သေရေလွှဲဆည်၏ စိစစ်ဧရိယာ ၁၁၆၅၉ ဧကကို အကျိုးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မူလဆင်သေရေလွှဲဆည်၏ ကြံ့ခိုင်မှုအခြေအနေနှင့် ရေဝင်ရောက်မှု၊ ရေခေါ်မြောင်းတူးဖော်နေမှု၊ ဆင်သေလက်ယာ တူမြောင်းရေသောက်စနစ်ပြုပြင် နေမှုနှင့် ဆောင်းသီးနှံစိုက်ပျိုးထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

 

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဇေယျာသီရိမြို့နယ် စိမ်းစားပင်ကျေးရွာအနီးရှိ နေပန်-လပန် စက်မှုလယ်ယာ စနစ်ကျလယ်မြေကို ၂၀၂၅ ခုနှစ် မိုးရာသီ သဘာဝဘေး ရေကြီးရေလျှံမှုကြောင့် ချောင်းနံရံ ရေတိုက်စားပျက်စီးမှုများ ပြန်လည်ပြုပြင်ခြင်းနှင့် ထပ်မံ၍ ရေကြီး ရေလျှံမှုကြောင့် ပျက်းစီးမှု ဖြစ်ပေါ်လာပါက ထိခိုက်မှု လျော့နည်းသက်သာစေရန် နရဘန် ချောင်းပေါင်၏ အားနည်းသည့် အပိုင်းများကို ကျောက်ဖြည့်မြေထိန်းနံရံဖြင့် ကာကွယ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ အရည်အသွေးပြည့်မီရေးနှင့် သတ်မှတ် ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန် တာဝန်ရှိသူများအား ဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်