မန္တလေး ၂၈ ဖေဖော်ဝါရီ
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်အတွင်းရှိ သဘာဝတောတောင်စိမ့်စမ်းများဖြင့် သာယာလှပ နေသည့် မန္တလေးရေတံခွန်တောင်အား နိုင်ငံတကာခရီးသွားများ သွားရောက်လည်ပတ်နိုင်သည့် ခရီးစဉ်ဒေသ အသစ် တစ်ခုအဖြစ် ဖော်ထုတ်၍ ခရီးသွားအမျိုးအစား စုံလင်စွာ ထားရှိနိုင်စေရေးအတွက် ၄င်းရေတံခွန်တောင်အနီးရှိ ကျောက်နံရံများတွင် Rock Climbing (ကျောက်နံရံတက်ခြင်း) အားကစားနည်း လုပ်ဆောင်နိုင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် မန္တလေးတိုင်းဒေသကြီးအတွင်းသို့ နိုင်ငံတကာ ခရီးသွားများ ဝင်ရောက်မှုမှာ တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးတက် များပြားစွာ ဝင်ရောက်လျက်ရှိရာ ၄င်းတို့အတွက် ခရီးစဉ်ဒေသအသစ်များ ရှာဖွေဖော်ထုတ် ပေးလျက်ရှိသည့်အပြင် ခရီးသွားအမျိုးအစား စုံလင်စွာ ထားရှိနိုင်ရေးအတွက်လည်း ယခုအစီအစဉ် မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များ အသင်း(မန္တလေးဇုန်)နှင့် မြန်မာနိုင်ငံခြေလျင်တောင်တက်အဖွဲ့ချုပ်တို့ ပူးပေါင်း၍ စီစဉ်ဆောင်ရွက်ခြင်းဖြစ် ကြောင်း တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းယုက ပြောကြားသည်။
''ကျွန်တော်တို့ မန္တလေးတိုင်းအတွင်းကို နိုင်ငံတကာခရီးသွားတွေ ဝင်ရောက်မှု တိုးတက်လာတာနဲ့အမျှ လက်ရှိခရီးစဉ်တွေ အပြင် ခရီးစဉ်အသစ်တွေကိုလည်း ရှာဖွေဖော်ထုတ်ပေးလျက်ရှိပါတယ်။ ဒါ့အပြင် သူတို့ရဲ့ လိုလားချက်တွေ ပြည့်ဝစေဖို့ ခရီးသွား အမျိုးအစားစုံလင်အောင်လည်း ဖော်ထုတ်ပေးရမှာ ဖြစ်တဲ့အတွက် အခုလို Climbing Tourism အမျိုးအစားနဲ့ ဆွဲဆောင်ဖို့ ပူးပေါင်းစီစဉ်တာဖြစ်ပါတယ်။ ယနေ့ အချိန်မှာ ဝင်ရောက်တဲ့ ခရီးသွားတွေကလည်း ငယ်ရွယ်သူတွေများပြီး ကိုယ်တိုင်စွန့်စွန့်စားစားနဲ့ သွားလာ လှုပ်ရှားတာကို စိတ်ဝင်စားတာကို တွေ့ရတဲ့အတွက် နိုင်ငံတကာနဲ့အညီ လိုက်နိုင်အောင် ဒီလိုခရီးသွားအမျိုးအစားနဲ့ ဖြည့်စွက်ပြီး ဆောင်ရွက်ရတာပါ" ဟု ၄င်းက ပြောသည်။
အဆိုပါ ကျောက်နံရံတက်ခြင်း အားကစားလှုပ်ရှားမှုကို ရေတံခွန်တောင်အနီးရှိ ကျောက်နံရံများပေါ်တွင် မြန်မာနိုင်ငံခြေလျင် တောင်တက်အဖွဲ့ချုပ်မှ အားကစားသမားများ Technical Climbing Club of Myanmar နှင့် Outdoor Adventure Myanamr မန္တလေးမြို့ရှိ ကျောက်နံရံတက် အားကစားသမားများ ပူးပေါင်း၍ ဖေဖော်ဝါရီ ၂၄ ရက်နေ့က လက်တွေ့တက်ရောက်၍ လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြသည်။
'' ဒီရေတံခွန်တောင် ကျောက်နံရံတွေမှာ ကျွန်တော်သူငယ်ချင်း တစ်ဦးကလည်း အမေရိကန်နိုင်ငံသား တယ်လာဟေ့ဘတ်နဲ့ အတူ ၂၃ ရက်ကြာနေပြီးတော့ ကျောက်နံရံတက်ခဲ့ကြပါတယ်။ ဒီမှာ ဗို့ပေါင်း ၄၀ဝ လောက် ဆွဲထားပါတယ်။ Rock Climbing ဟာ အန္တရာယ်များတဲ့အတွက်ကြောင့် safety ဖြစ်အောင် ဦးစားပေးရတယ်။ ဒီကို လာတက်မယ့်သူတွေ တကယ်တတ်သိနားလည်သူတွေနဲ့ နယ်မြေခံတောင်တက် သမားတွေကို ချိတ်ဆက် ပြီးတော့မှ လာစေချင်တယ်'' ဟု Technical Climbing of Myanmar founder ကိုပြည့်ဖြိုးအောင်က ပြောသည်။
မန္တလေးရေတံခွန်တောင်အနီးရှိ ကျောက်နံရံများတွင် ကျောက်နံရံတက်ခြင်း အားကစားလုပ်ဆောင်နိုင်ရန် ၂၀၁၁ ခုနှစ်က အမေရိကန်နိုင်ငံသား တစ်ဦးနှင့်အတူ မန္တလေး၊ ရန်ကုန်မှ ကျောက်နံရံတက်အားကစားသမား ပူးပေါင်း၍ ကျောက်နံရံတက်ခြင်းကို စတင်ဖော်ဆောင်ခဲ့ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)


