မန္တလေး ၂၃ ဇွန် 

မန္တလေးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ခရီးသွားလုပ်ငန်းတွေ ရေရှည်တည်တံ့ ဖွံ့ဖြိုးရေးအတွက် ခရီးစဉ်ဒေသတွေကို စနစ်တကျစီမံခန့်ခွဲမှုက အဓိကလိုအပ်တယ်လို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်း(မန္တလေးဇုန်)က အကြံပြုထားပါတယ်။

 

4303

 

ယနေ့ မန္တလေးမြို့ Hotel Mandalay မှာ ကျင်းပတဲ့ မန္တလေးတိုင်းဒေသကြီး ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး စာတမ်းဖတ်ပွဲနှင့် စာကားဝိုင်းဆွေးနွေးပွဲမှာ အခုလို အကြံပြုခဲ့ကြတာဖြစ်ပါတယ်။ 

“ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းတွေ ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆိုရင် အဓိကလိုအပ်တာက ခရီးစဉ်ဒေသတွေ စနစ်တကျ စီမံခန့်ခွဲဖို့ပဲဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း(မန္တလေးဇုန်) ဥက္ကဌ ဦးမျိုးရီကပြောသည်။

မန္တလေးတိုင်းအတွင်းရှိ ခရီးသွားလုပ်ငန်း ရေရှည်တည်တံ့စေရန်အတွက် ခရီးစဉ်ဒေသ ရေရှည်တည်တံ့စေတဲ့ အစီအမံတွေ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးဖြစ်စေတဲ့ အစီအမံတွေ၊ မြန်မာမှုအလေ့အထတွေကို ဖော်ဆောင်ပြီး ရိုးရာနှင့် ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းကာကွယ်မှုစတဲ့အစီအမံတွေဆောင်ရွက်ရန်လိုနေတယ်လို့သိပါတယ်။

ခရီးစဉ်ဒေသ ရေရှည်တည်တံ့စေရန် ဆောင်ရွက်သင့်တဲ့ စီးပွားရေးအစီအမံ
ခရီးစဉ်ဒေသတွေ ရေရှည်တည်တံ့စေဖို့အတွက် ကွန်ရက်တွေ ချိတ်ဆက်ထားနိုင်ရန် တည်ဆောက်တာ၊ ပြောင်းလဲနေတဲ့ ခရီးသွားဧည့်သည့်ဈေးကွက်ကို အစဉ်လေ့လာတာ၊ သက်ဆိုင်ရာ အညွှန်းကိန်းတွေကို ရယူထားတာတွေ ပြုလုပ်ရမှာဖြစ်ပါတယ်။ ဟိုတယ်လုပ်ငန်းတွေ၊ ခရီးသည်ပို့ဆောင်ရေးလုပ်ငနး်၊ စားသောက်ဆိုင်လုပ်ငန်း စတဲ့လုပ်ငန်းတွေရဲ့ အချက်အလက် အညွှန်းကိန်းတွေကို တည်ဆောက်ထားနိုင်ရန် အကြံပြုထားတာဖြစ်ပါတယ်။

“ညွှန်းကိန်းတွေကို ပိုမိုတိကျခိုင်မာတဲ့ အချက်အလက်တွေရရှိနိုင်အောင် ကျောင်းတွေ၊ တက္ကသိုလ်တွေ ၊ ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လိုအပ်ပါတယ်။ ရရှိလာတဲ့အချက်အလက်တွေကိုလည်း ရေရှည်ထိမ်းသိမ်းနိုင်ဖို့ Data Bank တည်ဆောက်ထားရမှာပါ ။ ဒါမှသာ စီမံကန်းတည်ဆောက်ရာမှာ အထောက်အကူဖြစ်စေတဲ့အပြင် စီးပွားရေးလုပ်ငန်းတွေအတွက် ကုန်ကျစရိတ်နဲ့ အကျိုးအမြတ် တွက်ချက်ဆန်းစစ်ပေးနိုင်မှာ ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း (မန္တလေးဇုန်) ဥက္ကဌ ဦးမျိုးရီက အကြံပြု ပြောကြားထားပါတယ်။

ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှု ဦးစီးဌာနရဲ့ ကိန်းဂဏန်းတွေအရ မန္တလေးတိုင်းမှာ နိုင်ငံခြားသား ခရီးသွားဝင်းရောက်မှုဟာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ မေလအထိ ခရီးသွား ၁၅၇၂၀ဝ ကျော် ဝင်ရောက်လျက်ရှိတယ်လို့ သိရပါတယ်။

ပို့ဆောင်ရေးကဏ္ဍ

ပို့ဆောင်ရေးကဏ္ဍဟာ မန္တလေးတိုင်းဒေသကြီးကို ရောက်ရှိလာမယ့် ခရီးသွားဧည့်သည်တွေအတွက် ယုံကြည်အားထားရတဲ့ အနေအထားတစ်ခုဖြစ်ဖို့အတွက် ဆောင်ရွက်ရမှာဖြစ်ပါတယ်။

ပြည်တွင်းပြည်ပပို့ဆောင်ရေးယာဉ်တွေကို အလုံးစုံ အာမခံထားရှိဖို့ မူဝါဒတွေ ချမှတ်ပေးတာ၊ လေဆိပ်၊ ဘူတာရုံ၊ မြို့တွင်းကားကြီးဝင်းအတွက် သတ်မှတ်ဈေးနှုန်းတွေထားရှိတဲ့ အငှားယာဉ်အသင်းတွေ ဖြစ်ပေါ်လာစေရန်အတွက် သက်ဆိုင်ရာ ဌာနတွေမှ စနစ်တကျဖွဲ့စည်းပေးခြင်း၊ ရေကြောင်း ခရီးစဉ်တွေမှာ ရေယာဉ်တွေနှင့် ဆိပ်ကမ်းတွေမှာ ဘေးအန္တရာယ်လုံခြုံရေး အစီအမံတွေ ရေးဆွဲဆောင်ရွက်သင့်တယ်လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း (မန္တလေးဇုန်)က အကြံပြုထားပါတယ်။

နိုင်ငံခြားသားခရီးသွားတွေ နေထိုင်၊ စားသောက်၊ လည်ပတ်ရေးအတွက် လမ်းညွှန်

နိုင်ငံခြားသားတွေ တည်းခိုနေထိုင်ရာတွင် Tour Operator တွေနဲ့ ဆက်သွယ်တဲ့ ဧည့်သည်တွေအတွက် အဆင်ပြေသော်လည်း၊ Foreign Independent ခရီးသွားတွေ လာရောက်တဲ့အခါ ဟိုတယ်၊ မိုတယ်၊ အင်းတွေရဲ့ အမည် နဲ့တည်နေရာ၊ လည်ပတ်နိုင်မယ့် လမ်းကြောင်းစတဲ့ အချက်အလက်တွေ လွယ်လွယ်ကူကူရယူနိုင်ရန် ဆောင်ရွက်ပေးဖို့လိုအပ်ပါတယ်။

Tourist Information Website တွေလို မန္တလေးတိုင်းဒေသကြီးအတွင်းရှိ Stake Holder တွေကို လွှမ်းခြုံနိုင်တဲ့ ဒေသဆိုင်ရာ ခရီးသွားစီမံခန့်ခွဲမှုကို အထောက်အကူပြုနိုင်တဲ့ web portal တွေ တည်ဆောက်သင့်တယ်လို့ သိရပါတယ်။

သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်စေမည့် အစီအမံတွေ တည်ဆောက်မှု

ခရီးစဉ်ဒေသတွေမှာ သဘာဝအတိုင်း ဆွဲဆောင်မှုဖြစ်စေတဲ့ လမ်း၊ အဆောက်အအုံ၊ နားနေဆောင်၊ အမှတ်တရအရောင်းဆိုင်နှင့် စားသောက်ဆိုင်တွေကို ဆောက်ရွက်ပေးရန် လိုအပ်ပါတယ်။ 

အချို့နေရာတွေကို သဘာဝအတိုင်းထားရှိပြီး ကျေးလက်ဒေသဥယျာဉ် အဖြစ်ဆောင်ရွက်ခြင်း၊ ဒေသနှင့် ကိုက်ညီတဲ့ အိမ်ရာတွေ ဆောက်လုပ်ပြီး လူထုအခြေပြုခရီးသွားလုပ်ငန်း စနစ်ဖော်ဆောင် နိုင်တဲ့ နေရာတွေကို ရှာဖွေဖော်ထုတ်ဆောင်ရွက်ခြင်း ၊ ပုဂံဒေသကို စိမ်းလန်းစိုပြေတဲ့ ရှေးဟောင်းမြို့အဖြစ် ဖန်တီးပေးခြင်းစတာတွေ စီမံဆောက်ရွက်ပါက သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေဘဲ ခရီးသွားလုပ်ငန်း ရှေရှည်တည်တံ့ နိုင်မှာဖြစ်တယ်လို့သိရပါတယ်။

ရိုးရာ ယဉ်ကျေးမှုအမွေအနှစ်တွေကို ထိန်းသိမ်းကာကွယ်ခြင်း

ခရီးသွားလာမှုများတဲ့ နေရာတွေမှာရှိတဲ့ ရှေးဟောင်းယဉ်ကျေးမှုအဆောက်အဦတွေကို ဥပဒေနှင့်အညီ စနစ်တကျ ကာကွယ်မှုတွေပြုလုပ်နိုင်ရန် ထုတ်ပြန်ထားရှိပေးတာ၊ ပုဂံဒေသခရီးသွား ကဏ္ဍကို သီးခြားခွဲထုတ်ပြီး ဒေသဆိုင်ရာ ပါဝင်ပတ်သက်သူတွေနဲ့အတူ ယဉ်ကျေးမှုဆိုင်ရာ ခရီးစဉ်ဒေသ စီမံကိန်းတစ်ရပ်လေ့လာရေးဆွဲအကောင်ထည်ဖော်တာတွေ ပြုလုပ်သင့်ပါတယ်။

ဒေသတွင်းရှိ အထင်ကရတည်ရှိတဲ့ မြန်မာ ၁၂ လရာသီပွဲတော်တွေ ၊ အထင်ကရ ဘုရားပွဲတော်တွေ ကိုရွေးချယ်ပြီး မြန်မာ့လူမှုဘဝနှင့် ယဉ်ကျေးမှု ခရီးသွားလုပ်ငန်းစဉ်အဖြစ် အကောင်ထည်ဖော်နိုင်ရေး လေ့လာဆန်းစစ်တာ ၊ မြန်မာ့ယဉ်ကျေးမှုကို နားလည်တန်ဖိုးထားနိုင်စေရန် အသိပညာပေးတာ ၊ လိုက်နာဆောင်ရွက်နိုင်တဲ့ စည်းကမ်းအစီအမံတွေချမှတ်တာ၊ ခရီးသွားတွေကို ဆွဲဆောင်နိုင်ရန်  ဘုရား၊ ပုထိုး၊ စေတီများ၏ အဝင်ပေါက်တွေမှာ ဖိနပ်ချွတ်ရန် ခုံတန်းရှည်ထားရှိပေးတာ၊  နေပူခံလျှောက်လမ်းဆောင်ရွက်ပေး တာ၊ ရှင်းလင်းဆောင်တွေထားရှိပြီး သက်ဆိုင်ရာ သမိုင်းကြောင်းတွေ တင်ဆက်ပြသတာတွေ ပြုလုပ်သင့်တယ်လို့ အကြံပြုပြောထားပါတယ်။

ယခုလိုအကြံပြုချက်တွေအပြင် သက်ဆိုင်ရာအသင်းအဖွဲ့တွေ ၊ ဒေသခံတွေ ၊ ပညာရှင်တွေနဲ့ ပူးပေါင်းပြီး စီမံကိန်းတွေချမှတ်တာ ၊ လက်ရှိ ခရီးသွားဈေးကွက်နှင့် ပြောင်းလဲလာမည့် ခရီးသွားစနစ်ကြိုတင်တွက်ချက်ပြီး ပြင်ဆင်မှုတွေကို စဉ်ဆက်မပြတ် ဆွေးနွေးပွဲတွေ ပြုလုပ်ပြီး တာဝန်ယူအကောင်ထည်ဖော် ဆောင်ရွက်ရန်လိုအပ်တယ်လို့ သိရပါတယ်။

အိမို့မို့ခိုင်