နေပြည်တော် ၁၁ ဖေဖော်ဝါရီ
မြန်မာနိုင်ငံသည် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ကမ္ဘာလှည့်ခရီးသွားများ တိုးတက်ဝင်ရောက်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီးတွင် တိုးမြှင့်ဝင်ရောက်လာသော ခရီးသွားဧည့်သည်များကို လိုအပ်သော ခရီးသွားသတင်းအချက်အလက်များ ပေးနိုင်ရေးနှင့် ခရီးသွားဧည့်သည်များမှ မြန်မာ့ ယဉ်ကျေးမှုနှင့် သက်ဆိုင်သည့် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များကို သိရှိနိုင်စေရန် ရည် ရွယ်ကာ မဟာမြတ်မုနိဘုရားကြီးတွင် Information Counter ဖွင့်လှစ်နိုင်ရန်၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန (မန္တလေးရုံးခွဲ) ၏ ပံ့ပိုးကူညီမှု၊ မဟာမြတ်မုနိဘုရားကြီး ဂေါပကအဖွဲ့၏ စီစဉ်မှုဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
ယနေ့ နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (မန္တလေးရုံးခွဲ) မှ တာဝန်ရှိသူ များနှင့် ခရီးသွားလုပ်ငန်းနှင့် သက်ဆိုင်သူများသည် Information Counter တွင် ထားရှိရန်လိုအပ်သည့် အချက်အလက်များကို ဘုရားကြီးဂေါပကအဖွဲ့ထံ ပေးအပ်ခဲ့ပြီး မန္တလေးတိုင်း ဒေသကြီး၏ အဓိက ခရီးစဉ် ဒေသတစ်ခုဖြစ်သော မဟာမြတ်မုနိ ဘုရားကြီးသို့ ဝင်ရောက်ဖူးမြော်သည့် ခရီးစဉ်အားရေရှည် တည်တံ့ သော ခရီးသွားလုပ်ငန်း တစ်ရပ်ဖြစ်စေရေးနှင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များအား အသေးစိတ်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
MDN


