မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာပေါင်း ၂၈၈ ရွာ မီးလင်းရေးဆောင်ရွက်မည့် စီမံကိန်း ကို တိုင်းလွှတ်တော် အတည်ပြု

မန္တလေး ၆ ဧပြီ

 

မန္တလေးတိုင်းအတွင်း မြို့နယ် ၅ ခု ရှိ ကျေးရွာ ၂၈၈ ရွာ မီးလင်းရေးအတွက် တိုင်းအစိုးရအဖွဲ့က တင်သွင်းခဲ့သည့် PFI (Public Finance Initiative) စနစ်ဖြင့် ဆောင်ရွက်မည့် စီမံကိန်းကို ကန့်ကွက်ရန် မရှိကြောင်း ဧပြီလ ၅ ရက် က ကျင်းပသည့် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပဉ္စမနေ့) တွင် အတည်ပြုပေးခဲ့သည်။

 

ယင်းစီမံကိန်းနှင့် ပတ်သက်၍ တိုင်းဒေသသကြီး လွှတ်တော်ကိုယ်စားလှယ် တစ်ဦး နှင့် တပ်မတော်သားကိုယ် စားလှယ်တစ်ဦး တို့က ထောက်ခံ အကြံပြုဆွေးနွေးခဲ့သည်။

 

PFI (Public Finance Initiative) စနစ်ဆိုသည်မှာ စီမံကိန်း ကုန်ကျငွေကို တင်ဒါအောင်မြင်သည့် ပုဂ္ဂလိက ကုမ္ပဏီက ကနဦး စိုက်ထုတ်ဆောင်ရွက်၍ လုပ်ငန်းပြီးဆုံးပါက အစိုးရသို့ လွှဲပြောင်းပေးအပ်ရမည်ဖြစ်ပြီး  အစိုးရအဖွဲ့သည် စာချုပ်ပါ  သတ်မှတ်ပမာဏအတိုင်း နှစ်အလိုက် ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီကို ပြန်လည်ပေးချေသွားရမည် ဖြစ်သည်။

 

PFI  စနစ်ဖြင့် ဆောင်ရွက်မည့် ကျေးရွာ ၂၈၈ ရွာ ၏ လျပ်စစ်မီးလင်းရေး စီမံကိန်းလုပ်ငန်းများအားလုံး သည် ၂၀၂၀ ခုနှစ် ဧပြီလ တွင် ပြီးဆုံးမည်ဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့ မှတ်တမ်းများအရ သိရသည်။

 

မိတ္ထီလာမြို့နယ်ရှိ  ကျေးရွာပေါင်း  ၉၂ ရွာ၊ သာစည် မြို့နယ်ရှိ ကျေးရွာပေါင်း ၄၀ ရွာ၊ ပျော်ဘွယ်မြို့နယ် ရှိ ကျေးရွာ  ၉၇ ရွာ၊ မြင်းခြံမြို့နယ်ရှိ ကျေးရွာ ၂၈ ရွာ နှင့် ရမည်းသင်းမြို့နယ် ရှိ  ကျေးရွာ ၃၁ ရွာတို့ကို PFI စနစ်ဖြင့် မီးလင်းရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လျပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင် က တိုင်းလွှတ်တော်တွင် ပြောကြားခဲ့သည်။

 

ကျေးရွာ ၂၈၈ ရွာ မီးလင်းရေးအတွက် စီမံကိန်း လုပ်ငန်း စုစုပေါင်း တန်ဖိုးမှာ ၁၂ ဒသမ ၅၇ ဘီလီယံ ဖြစ်ပြီး ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် ၄ ဘီလီယံ၊ ၂၀၁၉-၂၀ ဘဏ္ဍာနှစ်တွင်  ၇ ဒသမ ၃ ဘီလီယံ၊ ၂၀၂၀- ၂၁ ဘဏ္ဍာနှစ်တွင် ၁ ဒသမ ၂၅၆ ဘီလီယံတို့ကို နှစ်အလိုက် အစိုးရအဖွဲ့က ပုဂ္ဂလိကသို့ ပေးချေသွားရမည်ဖြစ်ကြောင်း အစိုးရအဖွဲ့က လွှတ်တော်သို့ တင်သွင်းသည့် PFI  စီမံကိန်း အစီရင်ခံစာအရ သိရသည်။

 

PFI (Public Finance Initiative) စနစ်ဖြင့် ဆောင်ရွက်လိုသော စီမံကိန်းသည် ၂၀၁၈-၁၉ ခုနှစ် ဒေသန္တရ စီမံကိန်းတွင် ထည့်သွင်း  မရေးဆွဲခဲ့သဖြင့် ၂၀၁၈-၁၉ တိုင်းဒေသကြီး ဘဏ္ဍာငွေအရသုံးဆိုင်ရာ ဥပဒေတွင် မပါဝင်သော လုပ်ငန်းနှင့် အသုံးစရိတ် ဖြစ်ကြောင်း သိရသည်။

 

မန္တလေးတိုင်းအတွင်း၌ ကျေးရွာပေါင်း ၄၇၉၉ ရွာရှိ၍ ၂၀၁၆-၁၇ မှ ၂၀၁၇ -၁၈ ဘဏ္ဍာရေး နှစ်အထိ (မီနီဘက်ဂျက် အပါအဝင်) လျပ်စစ်မီး ရရှိပြီးသော ကျေးရွာအရေအတွက်သည်  ၂၈၉၈ ရွာ ဖြစ်ပြီး လျပ်စစ်မီး  ရရှိရန် ကျန်ရှိသော ကျေးရွာ အရေအတွက် ၁၉၀၁ ရွာ ဖြစ်ကြောင်း အစိုးရ အဖွဲ့ မှတ်တမ်းများအရ သိရသည်။

 

သူရိန်လင်း