မန္တလေးတိုင်းဒေသကြီးတွင် ငွေကျပ် ၁၄ ဒသမ ၁၅ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်၊ ကက်တမင်းနှင့် ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ပြီး မြန်မာငွေကျပ် သိန်း ၁၀၀၀၊ ရွှေ ၂ ဒသမ ၅ ပိဿာနှင့် မော်တော်ယာဉ် ၄ စီး သိမ်းဆည်းရမိ

နေပြည်တော် ဇွန် ၂၅

 

မန္တလေးတိုင်းဒေသကြီးတွင် ကရင်ပြည်နယ်သို့ သယ်ဆောင်မည့် ငွေကျပ် ၁၄ ဒသမ ၁၅ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)၊ ကက်တမင်းနှင့် ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ပြီး မြန်မာငွေကျပ် သိန်း ၁၀၀၀၊ ရွှေ ၂ ဒသမ ၅ ပိဿာနှင့် မော်တော်ယာဉ် ၄ စီး သိမ်းဆည်း ရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

ရှမ်းပြည်နယ်မှ ကရင်ပြည်နယ်သို့ မူးယစ်ဆေးဝါးများ သယ်ဆောင်မည်ဖြစ်ကြောင်း သတင်းအရ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၈ ရက် ညနေ ၄ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ မြို့ပတ်လမ်း၊ ထင်းရှူး တောအနီး၌ Canter ၆ ဘီးမော်တော်ယာဉ်ကို ရှာဖွေခဲ့ရာ ယာဉ်မောင်း စိုင်းဆိုင်မိုင်း ယာဉ်နောက်လိုက် စိုင်းရှင်းသန့်ဇင်တို့နှင့်အတူ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၁၄ ဒသမ ၁၅ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် အိုက်စ်(မက်သ်အဖက်တမင်း) ၇၀၅ ကီလို၊ ကက်တမင်း ၁ ကီလိုနှင့် မူးယစ်ဆေးဝါး ဘိန်းဖြူ ၇၀၀ ဂရမ်တို့ တွေ့ရှိသိမ်းဆည်း ရမိခဲ့ပြီး ဖမ်းမိမူးယစ်ဆေးဝါးများကို ကရင်ပြည်နယ်သို့ ဆက်လက်သယ်ဆောင်ရန် ရောက်ရှိပူးပေါင်း ဆောင်ရွက်သူများဖြစ်သည့် ရဲနောင်၊ နေလင်းထိုက်နှင့် လန်ဒိုမုန် တို့ ၃ ဦးအား ဖမ်းဆီးရမိခဲ့သည်။

 

ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ဇွန် ၁၀ ရက် မွန်းတည့် ၁၂ နာရီတွင် ပြည်ကြီးတံခွန် မြို့နယ်၊ Garden City အိမ်ရာဝင်းတွင် မူးယစ်ဆေးဝါးများ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူများ ဖြစ်ကြသည့် ဝင်းကျော်သူ၊ အောင်ဇော်မျိုးတို့ကို ဆက်လက်ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးများ သယ်ဆောင်ခိုင်းသူ စိုင်းဖ(ခ)အောင်မင်းခန့်၏ နေအိမ်မှ မြန်မာငွေကျပ် သိန်း ၁၀၀၀၊ ရွှေ ၂ ဒသမ ၅ ပိဿာ၊ မော်တော်ယာဉ် ၃ စီး ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိသည်။

 

အမှုတွင် ဆက်စပ်ပါဝင်သူများပိုင်ဆိုင်သည့် ရွှေ၊ ငွေ၊ ယာဉ်၊ နေအိမ်တိုက်ခန်းနှင့် ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအရ ဆက်လက်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်