၂၂ နိုဝင်ဘာ
မန်ယူအသင်း အနေနဲ့ ဝက်စ်ဘရွန်း အသင်းဘက်ကို ပင်နယ်တီ တစ်ဂိုးနဲ့ အနိုင်ရလဒ် ရယူသွားခဲ့ပေမယ့် ဒီပင်နယ်တီဟာ မျှတမှုကင်းမဲ့တဲ့ ပင်နယ်တီဖြစ်ပြီး မန်ယူကွင်းလယ်လူ ဖရက်ဒ်ကသာ ဝက်စ်ဘရွန်း ကစားသမား ဂလက်ဂါကို ပြစ်ဒဏ်ကျူးလွန်ခဲ့တာဖြစ်ကြောင်း ဝက်စ်ဘရွန်းနည်းပြ ဘီလစ်က ဒေါသတကြီး ဝေဖန်လိုက်ပါတယ်။
မန်ယူအသင်းဟာ အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ကစားခဲ့ရပေမယ့် ခြေစွမ်းပိုင်း အသာမရခဲ့ဘဲ ဒါနန်ဖာလောင်းရဲ့ လက်ထိဘောကြောင့် ပင်နယ်တီ ရရှိခဲ့ပြီး ဒီပင်နယ်တီပြစ်ဒဏ်ကို ဖာနန်ဒက်စ်က မန်ယူအသင်းအတွက် အနိုင်ဂိုးအဖြစ် ပြောင်းလဲ ရယူသွားခဲ့တာဖြစ်ပါတယ်။
ဘီလစ်ကတော့ “ဒုတိယပိုင်း ပြန်စတော့ သူတို့အနေနဲ့ စိုးရိမ်သွားခဲ့တဲ့ အနေအထားတွေ ဖြစ်လာပါတယ်။ ကျွန်တော်တို့ အသင်းအတွက် အခွင့်အရေးတွေ ရလာခဲ့ပေမယ့် ရုတ်တရက် ဆိုသလို သူတို့ကို ပင်နယ်တီပေးခဲ့ရတယ်။ ဒါက တစ်ဂိုး-ဂိုးမရှိနဲ့ ရလဒ်ကို ကြိုကစားခိုင်းထားတဲ့ပွဲလို ကစားပွဲကို သတ်လိုက်သလိုပါပဲ” လို့ ပွဲအပြီးမှာဒေါသတကြီး ပြောကြားခဲ့ပါတယ်။
မန်ယူအသင်းဟာ ဂိုးပေါက် ကန်သွင်းမှု အများအပြား ပြုလုပ်နိုင်ခဲ့ပေမယ့် အနိုင်ရလဒ်အတွက် ရုန်းကန်ခဲ့ရပြီး ဖာနန်ဒက်စ်ရဲ့ ပင်နယ်တီသာ မရခဲ့ရင် အနိုင်ရလဒ် ရရှိနိုင်ဖို့ အခွင့်အရေး အတော့်ကို နည်းပါးခဲ့မယ် ဆိုတာကို တွေ့ရပါတယ်။ ဒီနိုင်ပွဲကြောင့် မန်ယူအသင်းက အမှတ်ပေးဇယား အဆင့် (၉) နေရာအထိ တက်လှမ်းနိုင်ခဲ့ပေမယ့် ပင်နယ်တီဂိုးကြောင့် အရေးနိမ့်ခဲ့ရတဲ့ ဝက်စ်ဘရွန်း အသင်းကတော့ အမှတ်ပေးဇယား အဆင့် ( ၁၈)နေရာအထိ ဆင်းပေးခဲ့ရပြီ ဖြစ်ပါတယ်။
မေလဲ့သင်း


