ပရီမီယာလိဂ်ပွဲစဉ် (၁၅)မှ ဒီဇင်ဘာ ၉ ရက် နံနက် ၂ နာရီခွဲက ယှဉ်ပြိုင်ကစားခဲ့သည့် ဝုဖ်နှင့် မန်ယူအသင်းပွဲစဉ်တွင် မန်ယူအသင်းက ဘရူနို ဖာနန်ဒက်စ်၏   ခြေစွမ်းပြသွင်းဂိုးများနှင့်အတူ    လေးဂိုး-တစ်ဂိုးဖြင့် နိုင်ပွဲရရှိခဲ့သည်။

အမှတ်ပေးဇယားအောက်ဆုံးရောက်နေပြီး ပထမဆုံးပရီမီယာလိဂ် နိုင်ပွဲရှာတွေ့ရေး  အားစိုက်ကစားလာသည့် ဝုဖ်အသင်းသည် ခြေစွမ်းကောင်းအချို့ပြသနိုင်ခဲ့သော်လည်း တိုက်စစ်ပိုင်း၊ ခံစစ်ပိုင်းသာလွန်မှုရှိသည့် မန်ယူအသင်းကို ကျော်ဖြတ်နိုင်ခြင်းမရှိဘဲ နိုင်ပွဲနှင့် ဆက်လက်ဝေးကွာ ကာ ရှုံးပွဲထပ်မံကြုံတွေ့ခဲ့သည်။

မန်ယူအသင်းသည်  ပွဲစကတည်းက ဝုဖ်အသင်းကို  ဖိအားပေးကစားနိုင်ခဲ့ပြီး  ပွဲချိန် ၂၅ မိနစ်တွင်  ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့သည်။ အဆိုပါ သွင်းဂိုးကို အသင်းအဓိကကွင်းလယ်ကစားသမား ဖာနန်ဒက်စ်က သွင်းယူပေးခဲ့သည်။

ပထမပိုင်း ပွဲချိန်ပြည့်ခါနီးတွင် ဘဲလ်ဂါ့ဒ်က ဝုဖ်အသင်းအတွက် ချေပဂိုး သွင်းယူပေးခဲ့သည်။  မန်ယူအသင်းအတွက် ဒုတိယဂိုးနှင့် တတိယဂိုးကို  ပွဲချိန် ၅၁ မိနစ်နှင့်  ၆၂ မိနစ်တွင် အမ်ဘူမိုနှင့် မောင့်တို့က သွင်းယူပေးခဲ့သည်။

ဝုဖ်အသင်းသည် ပွဲချိန်ကြာလာသည်နှင့်အမျှ သွင်းဂိုးရရှိရေးထက်  မန်ယူအသင်း၏ ဖိအားပေးတိုက်စစ်ဆင်မှုများကို ဟန့်တားကာကွယ်ခဲ့ရသည်။ မန်ယူအသင်းအတွက် အနိုင်သေချာစေမည့် စတုတ္ထဂိုးကို  ဖာနန်ဒက်စ်ကပင် သွင်းယူပေးခဲ့သည်။ ဖာနန်ဒက်စ်သည် အထူးခြေစွမ်းပြသနိုင်ခဲ့ပြီး  ဂိုးဖန်တီးမှု  တစ်ကြိမ်နှင့်  နှစ်ဂိုး  သွင်းယူနိုင်ခဲ့သည်။ မန်ယူအသင်းသည် ယခုအနိုင်ပွဲကြောင့် ရမှတ် ၂၅ မှတ်ဖြင့် အဆင့် (၆) အထိ တက်လှမ်းနိုင်ခဲ့သည်။

အောင်ဇော်