ရန်ကုန် ဒီဇင်ဘာ ၉
ရန်ကုန်တိုင်းဒေသကြီး မရမ်းကုမ်းမြို့နယ် အမှတ် (၂)ရပ်ကွက်ရှိ အမှတ် (၁၇) အခြေခံပညာမူလတန်းကျောင်း၌ ယမန်နေ့နံနက် ၁၀ နာရီက KG ကလေးများအား အာဟာရကျွေးရန် အလှူငွေပေးအပ်ပွဲ ကျင်းပသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းက KG ကျောင်းသား ကျောင်းသူများအား အာဟာရကျွေးရန် အလှူငွေကျပ် သိန်း ၂၀ ကို လှိုင်မြို့နယ် ပညာရေးမှူးထံသို့လည်းကောင်း၊ ငွေကျပ် ၈၄ သိန်းကို မြောက်ဥက္ကလာ ပညာရေးမှူးထံသို့လည်းကောင်း ပေးအပ်ခဲ့သည်။
ထို့နောက် ကျောင်းသား ကျောင်းသူ ၁၀၇ ဦးအား အစာမစားမီ လက်ဆေးခြင်း၊ အာဟာရကျွေးမွေးခြင်း၊ တိုင်းဒေသကြီး မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့က သွားတိုက်ဆေးနှင့် သွားတိုက်တံများပေးအပ်ခဲ့ပြီး တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနက ခံတွင်း ကျန်းမာရေးနှင့်ပတ်သက်၍ အစာစားပြီးချိန်တွင် သွားတိုက်နည်းနှင့် ပလုတ်ကျင်းခြင်းများအကြောင်း သရုပ်ပြဆောင်ရွက်ခဲ့ကြောင်း သိရသည်။ မောင်အေးချမ်း(ပြန်/ဆက်)


