သန်းဇော်(ဗဟိုစာရင်းအင်းအဖွဲ့)
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (Micro, Small and Medium Enterprises - MSMEs) သည် နိုင်ငံ့စီးပွားရေး တိုးတက်မှု၏ အခြေခံကျသော လုပ်ငန်းအမျိုးအစားများ ဖြစ်ပါသည်။ အရင်းအနှီးအသင့်အတင့်ရင်းနှီးရုံမျှဖြင့် လုပ်ငန်းသစ်များ စတင်နိုင်ခြင်း၊ အလုပ်အကိုင်ဖန်တီးနိုင်ခြင်း၊ ဒေသထုတ်ကုန်တိုးတက်နိုင်ခြင်းနှင့် ဝင်ငွေတိုးတက်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ဖြစ်ထွန်းစေပါသည်။
MSME များသည် စီးပွားရေးတိုးတက်မှုတွင် အရေးကြီးပန်းတိုင် တစ်ခုအဖြစ် ပါဝင်ပံ့ပိုးပေးလျက်ရှိပါသည်။ ဤမျှအရေးပါလှသော MSME လုပ်ငန်းများကို စနစ်တကျ မှတ်ပုံတင်၍ လုပ်ငန်းဆောင်ရွက်ခြင်းသည် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ကူညီပေးနေရုံ သာမက စီးပွားရေး အခြေခံအုတ်မြစ်တစ်ခုကို တည်ဆောက်ပေး နေခြင်းလည်းဖြစ်ပါသည်။ MSME လုပ်ငန်းများ မှတ်ပုံတင်ခြင်းသည် လုပ်ငန်းတိုးတက်မှုအတွက် အခြေခံအဆင့်တစ်ခုဖြစ်ပြီး ယုံကြည်မှု၊ ငွေကြေးဝန်ဆောင်မှုနှင့် အစိုးရပံ့ပိုးမှုများ ရရှိနိုင်သည့် အခွင့်အလမ်းလည်း ရရှိနိုင်ပါသည်။ မှတ်ပုံတင်ခြင်းသည် စီးပွားရေးလုပ်ငန်းတစ်ခု အောင်မြင်ရန်အတွက် မလွဲမသွေ လုပ်ဆောင်သင့်သည့် အဆင့်တစ်ခု ဖြစ်ပါသည်။
စီးပွားရေးလုပ်ငန်းများကို မှတ်ပုံတင်ရန် လိုအပ်မှု
နိုင်ငံတိုင်း၏ စီးပွားရေးဆိုင်ရာဥပဒေများတွင် လုပ်ငန်းတစ်ခုကို တရားဝင်လုပ်ကိုင် ဆောင်ရွက်နိုင်ရန် လုပ်ငန်းမှတ်ပုံတင်ရမည်ဟု ပြဋ္ဌာန်းထားရှိသောကြောင့် မှတ်ပုံတင်ခြင်းမရှိသော လုပ်ငန်းများမှာ တရားမဝင်လုပ်ငန်းများ (Illegal Business)ဟု ယူဆနိုင်ပါသည်။ မိမိဆောင်ရွက်နေသည့်လုပ်ငန်းကို မှတ်ပုံတင်လိုက်သည်နှင့် မိမိ လုပ်ငန်းသည် ဥပဒေနှင့် ညီညွတ်သောလုပ်ငန်းတစ်ခု ဖြစ်လာပြီး ဥပဒေအရအခွင့်အရေးရှိသည့် စာချုပ်ချုပ်ဆိုခြင်း၊ ငွေချေးယူခြင်းတို့တွင် တရားဝင်အဖွဲ့အစည်းအဖြစ် လုပ်ကိုင်နိုင်မည်ဖြစ်ပါသည်။ လုပ်ငန်းအမည်နှင့် Business Bank Account ဖွင့်နိုင်ရန်အတွက် လုပ်ငန်းကို မှတ်ပုံတင်ထားရှိရန် လိုအပ်ပါသည်။ လုပ်ငန်းအချင်းချင်း ပူးပေါင်းဆောင်ရွက်ရန်နှင့် လုပ်ငန်းအပေါ် ယုံကြည်စိတ်ချမှု ရရှိနိုင်ရန်အတွက်လည်း လုပ်ငန်းကို မှတ်ပုံတင်ထားရှိသင့်ပါသည်။
လုပ်ငန်းများ မှတ်ပုံတင်ခြင်းကြောင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများ
(က) ဥပဒေနှင့်အညီဖြစ်ခြင်း။ မိမိလုပ်ကိုင်နေသောလုပ်ငန်းကို မှတ်ပုံတင်ခြင်းဖြင့် မိမိလုပ်ငန်းသည် ဥပဒေအရ အသိအမှတ်ပြုလုပ်ငန်းတစ်ခုဖြစ်လာပြီး နိုင်ငံအတွင်း စီးပွားရေးလုပ်ဆောင်ခွင့်ကို လွတ်လပ်စွာ လုပ်ဆောင်နိုင်မည် ဖြစ်ပါသည်။
(ခ) ဘဏ်နှင့်ငွေကြေးဝန်ဆောင်မှုရရှိခြင်း။ ဘဏ်ချေးငွေ၊ လုပ်ငန်းဖွံ့ဖြိုးရေးအတိုးနည်းချေးငွေများရရှိရန် လွယ်ကူလာမည် ဖြစ်ပါသည်။
(ဂ) အစိုးရအထောက်အပံ့များရယူနိုင်ခြင်း။ အစိုးရနှင့် အေဂျင်စီများက ပံ့ပိုးပေးသော အထောက်အပံ့များ၊ စီးပွားတိုးတက်ရေးဆိုင်ရာ နည်းလမ်းများ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများမှပို့ချသော သင်တန်းများကို ရရှိနိုင်မည် ဖြစ်ပါသည်။
(ဃ) အမှတ်တံဆိပ်နှင့် ယုံကြည်မှုတိုးတက်ခြင်း။ အစိုးရ အသိအမှတ်ပြုလုပ်ငန်းဖြစ်လာသောကြောင့် မိမိ၏ ကုန်အမှတ်တံဆိပ်နှင့် ထုတ်ကုန်များအပေါ် ဝယ်ယူသူများနှင့် ပူးပေါင်းလုပ်ဆောင်သူများ၏ ယုံကြည်မှုကို ပိုမိုရရှိနိုင်မည် ဖြစ်ပါသည်။
ထို့ပြင် လုပ်ငန်းအရွယ်အစားချဲ့ထွင်နိုင်ခြင်း၊ နည်းပညာသစ်များ ရယူသုံးစွဲနိုင်ခြင်း၊ ပူးပေါင်းမှုနှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ ပိုမိုရရှိနိုင်ခြင်းနှင့် နိုင်ငံတကာဈေးကွက်ထဲသို့ ဝင်ရောက်နိုင်သည့် အခွင့်အလမ်းများ စသည့်အကျိုးကျေးဇူးများကို ရရှိနိုင်မည် ဖြစ်ပါသည်။
မိမိလုပ်ငန်းကို မှတ်ပုံတင်ထားခြင်းမရှိသော လုပ်ငန်းများသည် ဥပဒေအရလုပ်ကိုင်ခြင်း မဟုတ်သော လုပ်ငန်းများဖြစ်ပြီး အစိုးရ၏ ပံ့ပိုးမှုအစီအစဉ်များတွင် ပါဝင်နိုင်မည် မဟုတ်သကဲ့သို့ ဘဏ်ချေးငွေများရရှိရန် အခက်အခဲရှိသည့်အတွက် စီးပွားရေးယှဉ်ပြိုင်မှုတွင် နောက်ကျကျန်ရစ်နေမည်ဖြစ်ပါသည်။ ထို့ကြောင့် လုပ်ငန်းများအနေဖြင့် မိမိလုပ်ငန်းများကို မှတ်ပုံတင်ထားရှိ၍ အခွင့်အလမ်းများ ရယူစေလိုပါသည်။
လုပ်ငန်းမှတ်ပုံတင်ရှိခြင်းအပေါ် နိုင်ငံတကာ၏ အလေးထားမှု
နိုင်ငံတကာတွင် စီးပွားရေးလုပ်ငန်း မှတ်ပုံတင်ခြင်း (Business Registration)ကို အရေးကြီးလုပ်ငန်းအဖြစ် အလွန်အလေးထားကြပါသည်။ မှတ်ပုံတင်ထားရှိသော လုပ်ငန်းများကသာ ဥပဒေအရ တရားဝင်မှုရှိခြင်း (Legal Entity) ဖြစ်လာပြီး အခွန်ပေးသည့်အဖွဲ့၊ ငွေချေးနိုင်သောအဖွဲ့၊ နိုင်ငံတကာအဆင့်တွင် လုပ်ငန်းဆောင်ရွက် နိုင်သောအဖွဲ့အဖြစ် အသိအမှတ်ပြုခံရပါသည်။ လုပ်ငန်းမှတ်ပုံတင် ရှိသော လုပ်ငန်းများကသာ နိုင်ငံတကာအဆင့် ရင်းနှီးမြှုပ်နှံသူ (Investor)များ၊ ပူးပေါင်းဆောင်ရွက်မှုများ၏ ယုံကြည်မှုကိုရရှိပြီး မှတ်ပုံတင်မရှိသောလုပ်ငန်းများကို မည်သည့်ဘဏ်၊ မည်သည့် ရင်းနှီး မြှုပ်နှံသူမျှ ယုံကြည်မှုမရှိကြပါ။
နိုင်ငံတကာဘဏ်များသည် လုပ်ငန်းမှတ်ပုံတင်ရှိသော လုပ်ငန်းများကိုသာ ဘဏ်အကောင့်ဖွင့်ခြင်းနှင့် ငွေလွှဲလုပ်ငန်းများ ဆောင်ရွက်ပေးပြီး မှတ်ပုံတင်မရှိသော လုပ်ငန်းအဖွဲ့အစည်းများကို ဘဏ်အကောင့်ဖွင့်ခြင်းနှင့် ငွေလွှဲလုပ်ငန်းများကို လက်ခံဆောင်ရွက် ပေးခြင်းမရှိပါ။ တစ်နိုင်ငံနှင့်တစ်နိုင်ငံအကြား သယ်ယူပို့ဆောင်မှု၊ ဝန်ဆောင်မှု(Import/ Export Contracts)များတွင် အတည်ပြု လုပ်ငန်းမှတ်ပုံတင်နံပါတ် (Business Registration Number) မရှိဘဲ လုပ်ငန်းစာချုပ်ချုပ်ဆိုခြင်း မဖြစ်နိုင်သောကြောင့် နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံအကြား လုပ်ငန်းဆက်ဆံရေးအတွက် လုပ်ငန်းမှတ်ပုံတင် မရှိမဖြစ်လိုအပ်ပါသည်။ နိုင်ငံတကာစီးပွားရေးစနစ်အတွင်း ထိပ်တန်းအဆင့်ထိ ဝင်ရောက်နိုင်ရန်အတွက်လည်း လုပ်ငန်းမှတ်ပုံတင်ခြင်းကို မလွဲမသွေဆောင်ရွက်ရမည် ဖြစ်ပါသည်။ နိုင်ငံတကာတွင် စီးပွားရေးလုပ်ငန်း မှတ်ပုံတင်ခြင်းကို ယုံကြည်မှု၊ တရားဝင်မှုနှင့် ငွေရေးကြေး ရေးလုပ်ဆောင်နိုင်မှုအတွက် အခြေခံသက်သေတစ်ခုအဖြစ် အလွန် အရေးကြီးကြောင်း အလေးထားဆောင်ရွက်ကြပါသည်။
လုပ်ငန်းများမှတ်ပုံတင်ခြင်း
မြန်မာနိုင်ငံတွင်လည်း SME ဥပဒေအရ လုပ်ငန်းအရွယ်အစားနှင့် လုပ်ငန်းအမျိုးအစားအပေါ်မူတည်၍ ဌာနဆိုင်ရာများတွင် လုပ်ငန်း မှတ်ပုံတင်ပြုလုပ်ရန် ပြဋ္ဌာန်းထားရှိပါသည်။ သို့သော် နိုင်ငံအတွင်းရှိ လုပ်ငန်းအားလုံး၏ ၈၃ ရာခိုင်နှုန်းသည် တရားမဝင် လုပ်ကိုင်နေကြသည်ဟု စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးရေးအဖွဲ့ (၂၀၁၃ ခုနှစ်)က ခန့်မှန်းထားပါသည်။
မှတ်ပုံတင်ပြုလုပ်ရာတွင်လည်း အစိုးရအေဂျင်စီများအကြား တာဝန်ဝတ္တရားများ မရှင်းလင်းသောကြောင့် စီးပွားရေးလုပ်ငန်း မှတ်ပုံတင်ခြင်းဆိုင်ရာ အခက်အခဲများ ရှိနေပါသေးသည်။ မြန်မာနိုင်ငံတွင် ဌာန၊ အဖွဲ့အစည်း အများအပြားက စီးပွားရေးလုပ်ငန်းများကို မှတ်ပုံတင်ခြင်းနှင့် လိုင်စင်ထုတ်ပေးခြင်းများ ရှိသောကြောင့် စီးပွား ရေးလုပ်ငန်းများသည် ဌာနတစ်ခုထက်ပို၍ မှတ်ပုံတင်ကြပြီး ခွင့်ပြု ချက်များစွာ ကိုင်ဆောင်ထားကြပါသည်။ SME အဖြစ် သတ်မှတ်ရန် ကုမ္ပဏီများကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICAတွင် မှတ်ပုံတင်ရပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဌာန (SSID)၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန (DISI)၊ စည်ပင်သာယာရေးအဖွဲ့များ၊ အထွေထွေအုပ်ချုပ်ရေးဌာန စသည်တို့တွင် မှတ်ပုံတင်ပြုလုပ်နိုင်ပါသည်။ လက်တွေ့တွင် စည်ပင်သာယာရေးအဖွဲ့ များ၌ စက်မှုလုပ်ငန်းများ မှတ်ပုံတင်ခြင်းကို အဓိကဆောင်ရွက်ကြပါသည်။
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (ကုန်ထုတ်လုပ်မှု) စစ်တမ်း (၂၀၂၄) အရ တိုင်းဒေသကြီး ခြောက်ခုရှိ ကုန်ထုတ်လုပ်မှုလုပ်ငန်းစုစုပေါင်း၏ ၇၅ ရာခိုင်နှုန်းကျော်က စည်ပင် သာယာရေးအဖွဲ့တွင် မှတ်ပုံတင်ထားရှိကြပါသည်။၊ စက်မှုကြီးကြပ် ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတွင် စုစုပေါင်းလုပ်ငန်း၏ ၇၀ ရာခိုင်နှုန်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတွင် ၂၈ ရာခိုင်နှုန်း စသည်ဖြင့် လုပ်ငန်းမှတ်ပုံတင်ထားရှိကြကြောင်းလည်း တွေ့ရှိရပါသည်။
မြန်မာနိုင်ငံ၏ လုပ်ငန်းအပေါ်မူတည်၍ ဌာနတစ်ခုထက်ပို၍ လုပ်ငန်းမှတ်ပုံတင်ပြုလုပ်နိုင်သည့် အခြေအနေအရ လုပ်ငန်းများအနေဖြင့် မှတ်ပုံတင်ခြင်းဆောင်ရွက်ရာတွင် ဌာနတစ်ခုတည်း၌ မှတ်ပုံတင်သည့်လုပ်ငန်း ၂၅ ရာခိုင်နှုန်း၊ ဌာနနှစ်ခု၌ မှတ်ပုံတင်သည့် လုပ်ငန်း ၄၅ ရာခိုင်နှုန်း၊ ဌာနသုံးခု၌ မှတ်ပုံတင်သည့်လုပ်ငန်း ၂၁ ရာခိုင်နှုန်းနှင့် ဌာနလေးခုနှင့် အထက်တွင် မှတ်ပုံတင်သည့် လုပ်ငန်းခုနစ်ရာခိုင်နှုန်းရှိကြောင်းလည်း တွေ့ရှိရပါသည်။ အထူးသဖြင့် စားသောက်ကုန်လုပ်ငန်းကဏ္ဍ၊ အဖျော်ယမကာလုပ်ငန်းကဏ္ဍနှင့် သစ်နှင့်သစ်ထုတ်ကုန် (ပရိဘောဂမပါ) လုပ်ငန်းကဏ္ဍရှိ လုပ်ငန်းအများစုသည် ဌာနလေးခုနှင့် အထက်တွင် မှတ်ပုံတင်ကြကြောင်း တွေ့ရှိရပါသည်။
လုပ်ငန်းအများစုမှာ မှတ်ပုံတင်ပြုလုပ်ရာတွင် သမားရိုးကျ နည်းလမ်းဖြင့် စာရွက်စာတမ်းအသုံးပြု မှတ်ပုံတင်ကြပြီး အွန်လိုင်းစနစ်ကို အသုံးပြု၍ မှတ်ပုံတင်ခြင်းပြုလုပ်ခဲ့သည့်လုပ်ငန်း သုံးရာခိုင်နှုန်းကျော်သာ ရှိပါသည်။
လုပ်ငန်းအမျိုးအစားအပေါ်မူတည်၍ လုပ်ငန်းမှတ်ပုံတင်ခြင်းကို ဌာနတစ်ခုထက်ပို၍ မှတ်ပုံတင်ရခြင်းကြောင့် တစ်နေရာတည်းတွင် မှတ်ပုံတင်နိုင်သော One Stop Service စနစ်ကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ခြင်း၊ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး အဆင်ပြေစေရန်နှင့် အွန်လိုင်းမှတ်ပုံတင်စနစ်ကို အသုံးပြုနိုင်ရန် လုပ်ငန်းများအား အသိပညာပေးခြင်း၊ အွန်လိုင်းလုံခြုံရေးနှင့် လုပ်ငန်းစဉ်များကို လွယ်ကူစွာနားလည်နိုင်ရန် အခမဲ့သင်တန်းများ ဖွင့်လှစ်ပေးခြင်းနှင့် လွယ်ကူသော Mobile Application များ ဖော်ဆောင် ခြင်းတို့ ဆောင်ရွက်ပေးပါက လုပ်ငန်းမှတ်ပုံတင်မှု ပိုမိုလွယ်ကူခြင်းမှ မှတ်ပုံတင်ထားခြင်းမရှိသော လုပ်ငန်းများ မှတ်ပုံတင်ပြုလုပ်လာနိုင် ပါကြောင်းနှင့် လုပ်ငန်းများအနေဖြင့်လည်း ရရှိသင့်ရရှိထိုက်သောအခွင့်အရေးများ ရရှိနိုင်ရန် လုပ်ငန်းမှတ်ပုံတင်ကြပါဟု တိုက်တွန်းရေးသားလိုက်ရပါသည်။ ။
References:
မြန်မာနိုင်ငံ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်း (ကုန်ထုတ်လုပ်မှု စစ်တမ်း) ၂၀၁၇ အစီရင်ခံစာ
Organisation for Economic Co-operation and Development (OECD). (2017)
Business Registration Pillars: Good Regulatory Practice for ASEAN. OECD Regulatory Policy Working Papers, No. 9. OECD Publishing
https://www.oecd.org/en/publications/business-regulation pillars 971154c7-en.html
United Nations Commission on International Trade Law (UNCITRAL). (2019) Legislative Guide on Key Principles of a Business Registry. United Nations
https://uncitral.un.org/sites/uncitral.un.org/sites/files/media-documents/ uncitral/en/lg-business-registry-e.pdf
LinkedIn Pulse. (2022). The Importance of Business Registration
https://www.linkedin.com/pulse/what-i-wish-knew-series-importance-business- registration-9t8ef


