သန်းဇော် (ဗဟိုစာရင်းအင်းအဖွဲ့)

 

အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (Micro, Small and Medium Enter-prises – MSMEs) သည် ကမ္ဘာ့နိုင်ငံအားလုံးနီးပါးတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သကဲ့သို့ မြန်မာ့စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက်လည်း အရေးကြီး‌သောအခန်းကဏ္ဍမှ ပါဝင်ပါသည်။ ထို့ပြင် ဒေသအလိုက်တိုးတက်မှု (မြို့ပြ၊ မြို့ငယ်၊ ကျေးလက်ဒေသအားလုံးတွင်) ကို ဖြစ်ပေါ်စေနိုင်ပြီး ဈေးကွက်သက်ရောက်မှုအဖြစ် နိုင်ငံတကာကုန်သွယ်ရေး၏ အခြေခံအဆောက်အအုံလည်း ဖြစ်ပါသည်။ သုတေသနများအရ မြန်မာနိုင်ငံစီးပွားရေးလုပ်ငန်း စုစုပေါင်း၏ ၉၉ ရာခိုင်နှုန်းခန့်သည် MSME များဖြစ်ကြပြီး အလုပ်အကိုင် ၇၀ ရာခိုင်နှုန်းကျော်ကို ပံ့ပိုးပေးနေပါသည်။ 

 

MSME များသည် ငွေကြေးလှည့်ပတ်စီးဆင်းမှု အားကောင်းစေခြင်း၊ အလုပ်အကိုင်ဖန်တီးပေးနိုင်ခြင်းနှင့် ဆင်းရဲနွမ်းပါးမှုကျဆင်းစေခြင်းတို့ကို များစွာအထောက်အကူဖြစ်စေပါသည်။ နိုင်ငံတော်အစိုးရက တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံစေရေးတို့အတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေး တိုးတက်စေရန် ခေတ်မီနည်းစနစ်များဖြင့် ဆောင်ရွက်သကဲ့သို့ One Region , One Product ဖြစ်စေရေး၊ ဒေသထွက်ကုန်များကို တန်ဖိုးမြှင့် ထုတ်ကုန်များအဖြစ် တိုးတက်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိပါသည်။ 

 

MSME များ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီကို ဖွဲ့စည်း၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ 

 

ထို့အပြင် MSME ဖွံ့ဖြိုးတိုးတက်စေရေးကို လက်တွေ့အကောင်အထည်ဖော်ဆောင်နိုင်ရန် အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်း သုံးသပ်မှုအစီရင်ခံရေးအဖွဲ့၊ အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများရန်ပုံငွေ စီမံခန့်ခွဲမှုအဖွဲ့စသည့် လုပ်ငန်းအကောင်အထည်ဖော်သည့် အထောက်အကူပြုအဖွဲ့များကိုလည်း ဖွဲ့စည်းခဲ့ပါသည်။ 

 

အသေးစားနှင့် အလတ်စားလုပ်ငန်းများအတွက် စီးပွားရေးနှင့် ဆက်စပ်သည့် သတင်းအချက်အလက်၊ နည်းပညာအထောက်အကူများနှင့် ငွေကြေးပံ့ပိုးမှုများ လွယ်ကူစွာရရှိနိုင်ရန်၊ ပြည်တွင်းပြည်ပ ဈေးကွက်များသို့ လက်လှမ်းမီစေရန်နှင့် ယှဉ်ပြိုင်နိုင်မှုစွမ်းရည် မြင့်မားတိုးတက်လာစေရန်၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာခြင်းဖြင့် ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းသစ်များနှင့်အတူ ဝင်ငွေတိုးတက်ရရှိလာစေရန်၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၏ လုပ်ငန်းဆိုင်ရာ အခက်အခဲနှင့် အဟန့်အတားများ လျော့ပါးစေရန် ရည်ရွယ်၍ “အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေ” ကို ၂၀၁၅ ခုနှစ်၊ ဧပြီလ ၉ ရက်တွင် အတည်ပြုပြဋ္ဌာန်းခဲ့ပြီး “အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနည်းဥပဒေ” ကို ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။ 

 

ယခုအခါ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေကို MSME ဖွံ့ဖြိုးတိုးတက်ရေးဥပဒေအဖြစ် ပြင်ဆင်ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။ သို့သော် MSME လုပ်ငန်းများ အဓိကကြုံတွေ့နေရသည့် ငွေကြေး ရယူရန် အခက်အခဲများ (loan, credit access)၊ နည်းပညာရယူနိုင်ရန် အခက်အခဲနှင့် စီးပွားရေးဈေးကွက် အချက်အလက်မလုံလောက်ခြင်းတို့သည် MSMEs တိုးတက်ဖွံ့ဖြိုးမှုတွင် အတားအဆီးများဖြစ်နေကြောင်း တွေ့ရပါသည်။ 

 

အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ

 

အသေးစားလုပ်ငန်းများ (Micro Enterprises) သည် အလုပ်သမားအနည်းငယ်နှင့် အဆင့်နိမ့်နည်းပညာကို အသုံးပြုဆောင်ရွက်ကြသော လုပ်ငန်းများ (ဥပမာ– လက်မှုလုပ်ငန်း၊ အိမ်တွင်းမှုလုပ်ငန်းများ၊ မိသားစုအလုပ်သမားများဖြင့် ဆောင်ရွက်သောလုပ်ငန်းများ) ဖြစ်ပါသည်။ အငယ်စားလုပ်ငန်းများ (Small Enterprises) သည် ရင်းနှီးမြှုပ်နှံမှုအနည်းငယ်နှင့် တိကျသော စီးပွားရေးလုပ်ငန်း ပုံစံရှိသောလုပ်ငန်းများ (ဥပမာ – အသေးစားစက်ရုံများ၊ စားသုံးကုန်ထုတ်လုပ်မှုလုပ်ငန်း များ) ဖြစ်ပါသည်။ အလတ်စားလုပ်ငန်းများ (Medium Enterprises) သည် အလုပ်သမားအများအပြား ခန့်ထားနိုင်ပြီး နည်းပညာအသုံးပြုသည့်လုပ်ငန်းများ ဖြစ်ပါသည်။

 

အိန္ဒိယ၊ တရုတ်၊ ဂျပန်စသည့် နိုင်ငံများသည် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို အခြေခံ၍ နိုင်ငံအဆင့်စီးပွားရေးတိုးတက်စေရန် ဆောင်ရွက်ခဲ့ကြသောနိုင်ငံများ ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်လည်း MSME လုပ်ငန်း များသည် အလုပ်အကိုင်ပေါင်းစုံ ဖန်တီးနိုင်ခြင်း၊ ဒေသအလိုက် မြို့ပြ၊ ကျေးလက်ဒေသစီးပွားရေး တိုးတက်မှုကို ဖန်တီးပေးခြင်း၊ အိမ်ထောင်စုဝင်ငွေ တိုးတက်စေခြင်းတို့ဖြင့် နိုင်ငံ့စီးပွားတိုးတက်ရေးတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။

 

MSMEs စစ်တမ်းကောက်ယူခြင်း

 

အမျိုးသားစီမံကိန်းဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့သည် UNU-WIDER ၏ နည်းပညာအကူအညီဖြင့် ၂၀၁၇ ခုနှစ်၊ ၂၀၁၈ ခုနှစ်၊ ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်တို့တွင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများနှင့် သက်ဆိုင်သည့် စစ်တမ်းများ (အရေအတွက်နှင့် အရည်အသွေး) နှစ်မျိုးလုံးကို ကောက်ယူခဲ့ပါသည်။ အဆိုပါ စစ်တမ်းများအပေါ် အခြေခံ၍ မြန်မာနိုင်ငံ၏ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (ကုန်ထုတ်လုပ်မှု) အခြေအနေတွေ့ရှိချက်များကို သီအိုရီနှင့် လက်တွေ့ပေါင်းစပ်သုံးသပ်၍ အကြံပြုချက်များ ပါဝင်သည့် စစ်တမ်းရလဒ်များကို ထုတ်ပြန်ခဲ့ပါသည်။

 

လက်ရှိတွင် ဗဟိုစာရင်းအင်းအဖွဲ့သည် ဌာနရှိ အရင်းအမြစ်များဖြင့် MSME စစ်တမ်းကောက်ယူနိုင်ရန်အတွက် ယခင်ကောက်ယူခဲ့သည့် စစ်တမ်းပေါ် အခြေပြု၍ ခေတ်စနစ်အရ ပြောင်းလဲလာသော စီးပွားရေးလုပ်ဆောင်မှု ပုံသဏ္ဌာန်များနှင့် လိုက်လျောညီထွေဖြစ်စေရေး လိုအပ်သည့် အချက်အလက်များကို ဖြည့်စွက်ပြင်ဆင်ကာ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (ကုန်ထုတ်လုပ်မှု) စစ်တမ်းကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အထိ သုံးနှစ်ကာလ သတ်မှတ်ပြီး တစ်နိုင်ငံလုံးလွှမ်းခြုံသည့် MSME လုပ်ငန်းများ (ကုန်ထုန်လုပ်မှု) ကို ကောက်ယူနိုင်ရန် ဆောင်ရွက်ခဲ့ပါသည်။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၌ တိုင်းဒေသကြီး ခြောက်ခုတွင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (ကုန်ထုတ်လုပ်မှု) စစ်တမ်း ၂၀၂၄ ကို ကောက်ယူခဲ့ပြီး ဖြစ်ပါသည်။ စစ်တမ်းကောက်ယူရန် ကျန်ရှိနေသည့် တိုင်းဒေသကြီး၊ ပြည်နယ်များတွင်လည်း ဆက်လက်ကောက်ယူရန် ဆောင်ရွက်လျက်ရှိပါသည်။

 

စစ်တမ်းမှရရှိသော အချက်အလက်များသည် မြန်မာ့ MSME ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကုန်ထုတ်စွမ်းအား၊ ယှဉ်ပြိုင်နိုင်စွမ်းအားနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးတို့ကို မြှင့်တင်ပေးမည့် မဟာဗျူဟာများနှင့် စီမံချက်များ ရေးဆွဲချမှတ်ရာတွင် မူဝါဒချမှတ်သူများ၊ ဘဏ္ဍာရေးအဖွဲ့အစည်းများနှင့် လုပ်ငန်းရှင်များအား အထောက်အပံ့ပေးနိုင်မည် ဖြစ်ပါသည်။

 

မြန်မာနိုင်ငံ၏ MSMEs အခြေအနေ

 

မြန်မာနိုင်ငံ၏ MSMEs အခြေအနေကို လေ့လာပါက အောက်ပါအတိုင်း တွေ့ရှိရပါသည်-

(က)    မြန်မာနိုင်ငံရှိ MSME များသည် အများအားဖြင့် လုပ်ငန်းအရွယ်အစား သေးငယ်ခြင်း၊ စာရင်းမှတ်တမ်းထားရှိမှုအားနည်းခြင်း၊ နည်းပညာအသုံးပြုမှုနည်းခြင်းနှင့် အထောက်အထားပစ္စည်း (collateral) မရှိခြင်းတို့ကြောင့် ဘဏ်များမှ အတိုးနည်းချေးငွေရယူရာတွင် အခက်အခဲများရှိခြင်း၊

(ခ)     MSME အများစုသည် စာရင်းစနစ်ထားသိုမှု စနစ်တကျမရှိခြင်းကြောင့် လုပ်ငန်းအခြေအနေကို မှန်မှန်ကန်ကန်သိရှိမှု အားနည်းခြင်း၊ ဘဏ်မှ ချေးငွေရယူလိုသော်လည်း အထောက်အထား လုံလောက်စွာမတင်ပြနိုင်ခြင်း၊ အခွန်ကောက်ခံမှုနှင့် ပေးဆောင်မှုတို့ကို သေချာစွာမသိခြင်း၊

(ဂ)     MSME အများစုသည် နည်းပညာ အသုံးပြုမှု အားနည်းခြင်းကြောင့် ထုတ်လုပ်နိုင်မှု ပမာဏနည်းပါးခြင်း၊ ထုတ်ကုန်အရည်အသွေး မတူညီခြင်း၊ နည်းပညာသစ်များကို ရယူရန် အရင်းအနှီး မလုံလောက်ခြင်းတို့ကြောင့် ယှဉ်ပြိုင်နိုင်မှုအားနည်းခြင်း၊

(ဃ)     MSME များအကြား ပူးပေါင်းဆောင်ရွက်မှုအားနည်းသဖြင့် စုစည်းဆောင်ရွက်မှု (Cluster) မရှိခြင်း၊ အချက်အလက်၊ နည်းပညာနှင့် အတွေ့အကြုံ မျှဝေမှုနည်းပါးခြင်းတို့ကြောင့် ယှဉ်ပြိုင်နိုင်မှု အင်အားနည်းပါးနေခြင်း၊

(င)    တိုင်းဒေသကြီး၊ ပြည်နယ်အခြေပြု MSMEs အများစုသည် ဒေသဈေးကွက်အတွက်သာ ရည်ရွယ်ထုတ်လုပ်ခြင်းကြောင့် စျေးကွက်တိုးချဲ့မှု နည်းပါးနေခြင်း၊

(စ)     MSME အများစုသည် လုပ်သားများ၏ သင်ကြားရေးနှင့် အတတ်ပညာဖွံ့ဖြိုးမှုကို အလေးထားမှုနည်းပါးသောကြောင့် ကျွမ်းကျင်ပညာရှင်များ၊ စီမံခန့်ခွဲမှုကျွမ်းကျင်သူများ ရှားပါးနေခြင်း၊

(ဆ)    ဈေးနှုန်းအတက်အကျ မြန်ဆန်ခြင်း၊ အစိုးရလျှပ်စစ်ဓာတ်အားလိုင်းကိုသာ အားပြုနေခြင်း၊ သယ်ယူပို့ဆောင်ရေးစရိတ်မြင့်မားခြင်းတို့ကြောင့် MSMEs များ၏ ထုတ်လုပ်မှုနှင့် စီးပွားရေးစွမ်းဆောင်ရည်တို့တွင် အားနည်းမှုများ ကြုံတွေ့နေခြင်း၊

(ဇ)    MSME အချက်အလက်များ ပြည့်စုံမှုမရှိခြင်း၊ စီးပွားရေးမှတ်ပုံတင်စနစ်များ ရှုပ်ထွေးခြင်းကြောင့် မူဝါဒသတ်မှတ်ရာတွင် အခြေခံအချက်အလက်ရရှိမှုခက်ခဲခြင်း၊ သုတေသနအခြေပြု အကောင်အထည်ဖော်မှု နည်းပါးခြင်းတို့သည် MSMEs တိုးတက်မှုကို နှေးကွေးစေခြင်း။

 

မြန်မာ့ MSMEs ဖွံ့ဖြိုးတိုးတက်စေရေး

 

MSME လုပ်ငန်းများ တိုးတက်လာစေရန် အောက်ဖော်ပြပါအချက်များကို ချမှတ်ကျင့်သုံးနိုင်ပါသည်- 

(က)     ရွှေ့ပြောင်းနိုင်သော ပုံသေပိုင်ပစ္စည်းများကို အပေါင်ပစ္စည်းအဖြစ် အသုံးပြုခွင့်ပေးနိုင်သည့် စည်းမျဉ်းလုပ်ထုံးလုပ်နည်းများ သတ်မှတ်ခြင်း၊ ချေးငွေဆိုင်ရာ အခွင့်အရေးများ၊ လိုအပ်ချက်နှင့် သတ်မှတ်ချက်ဆိုင်ရာသတင်းအချက်အလက်များအား လုပ်ငန်းရှင်များ ပိုမိုသိရှိစေခြင်း၊

(ခ)     ဒစ်ဂျစ်တယ်ငွေကြေးစနစ် ဖွံ့ဖြိုးတိုးတက်လာစေရန် Digital Payment တိုးတက်လာစေရေး မူဝါဒများချမှတ်ဆောင်ရွက်ခြင်း၊

(ဂ) နည်းပညာဖွံ့ဖြိုးသော စီးပွားရေးဝန်းကျင် ဖြစ်ပေါ်လာစေရေးနှင့် စွန့်ဦးတီထွင် လိုသောဆန္ဒဖြစ်ပေါ်လာစေရေးတို့အတွက် လုပ်ငန်းရှင်များအား နည်းပညာအသုံးပြုမှု မြှင့်တင်နိုင်ရေး အသိပညာပေးခြင်း၊ လုပ်ငန်းများ၏ ယှဉ်ပြိုင်နိုင်စွမ်းမြှင့်တင်နိုင်ရေးနှင့် ကုန်ပစ္စည်းအရည်အသွေး ပိုမိုကောင်းမွန်စေရေး နည်းပညာများ လွှဲပြောင်းရယူနိုင်ရန် ကူညီပံ့ပိုးပေးခြင်း၊

(ဃ)     ပိုမိုထိရောက်သည့် ထုတ်လုပ်မှုလုပ်ငန်းများ ဖြစ်လာစေရေးအတွက် MSME လုပ်ငန်းများအချင်းချင်း Cluster စုဖွဲ့၍ ဆောင်ရွက်ခြင်း၊

(င)     ပညာအရည်အချင်း မြင့်မားသည့် ကျွမ်းကျင်လုပ်သားများကို မွေးထုတ်ပေးနိုင်မည့် လူ့စွမ်းအားဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်များ တိုးချဲ့ဆောင်ရွက်ခြင်း၊ သက်မွေးဝမ်းကျောင်းဆိုင်ရာ အစီအစဉ်များနှင့် စက်မှုလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုလုပ်ငန်းခွင် ပြင်ပသင်တန်းများကို တိုးမြှင့်ဆောင်ရွက်ပေးခြင်း၊

(စ)    လုပ်ငန်းအမျိုးအစားပေါ်မူတည်၍ လုပ်ငန်းမှတ်ပုံတင်ခြင်းကို ဌာနတစ်ခုထက်ပို၍ မှတ်ပုံတင်ရခြင်းကြောင့် တစ်နေရာတည်းတွင် မှတ်ပုံတင်နိုင်သော One-Stop Service စနစ်ကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ပေးခြင်း၊

(ဆ)    လုပ်ငန်းအများစုသည် ပြည်တွင်းဈေးကွက်အပေါ် မှီခိုအားထားရသောကြောင့် MSME များကို အားပေးကူညီပံ့ပိုးပေးသည့် ဝယ်ယူမှု အစီအစဉ်များ (ပြည်တွင်းဖြစ်ကို အားပေးပါ) ဖော်ဆောင်ပေးခြင်း၊

(ဇ)     လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိစေရေး ဆောင်ရွက်ပေးခြင်းနှင့်အတူ အခြားစွမ်းအင်ဖြစ်သည့် ဆိုလာစွမ်းအင်ကို ပိုမိုအသုံးပြုနိုင်ရေး ပညာပေးခြင်း၊ နည်းပညာအကူအညီပေးခြင်း၊ စည်းရုံးခြင်းနည်းလမ်းများဖြင့် လျှပ်စစ်ဓာတ်အား မလုံလောက်မှုကို လျှော့ချခြင်း၊

(ဈ)     ဈေးကွက်ရှာဖွေခြင်း၊ ပို့ကုန်တင်ပို့မှုဆိုင်ရာ သတင်းအချက်အလက်များ ပံ့ပိုးခြင်းနှင့် ကုန်စည်ပြပွဲများ ဆောင်ရွက်ပေးခြင်းတို့ကို ဆောင်ရွက်ခြင်း၊

(ည)     MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အစိုးရအဖွဲ့အစည်းများ၏ ဆောင်ရွက်ချက်များကို လုပ်ငန်းများက ပိုမိုကျယ်ပြန့်စွာသိရှိစေရေး ဆောင်ရွက်ခြင်း။
 

 

အဓိကမောင်းနှင်အား

 

မြန်မာနိုင်ငံ၏ MSME များသည် စီးပွားရေးတိုးတက်မှုအတွက် အဓိကမောင်းနှင်အားအဖြစ် ရှိနေသောကြောင့် လက်ရှိဖြစ်ပေါ်နေသော ငွေကြေး၊ နည်းပညာနှင့် ပူးပေါင်းဆောင်ရွက်မှု အခက်အခဲများကို ကျော်လွှားနိုင်အောင် ဆောင်ရွက်ပြီး MSME ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရမည်ဖြစ်ပါသည်။ ငွေကြေးရယူနိုင်ခွင့် တိုးမြှင့်ပေးခြင်း၊ နည်းပညာအသုံးချနိုင်ရန် ပံ့ပိုးပေးခြင်း၊ စျေးကွက်ဝင်ရောက်နိုင်ရေး ဖန်တီးပေးခြင်းနှင့် ပြုပြင်ရန်လိုအပ်သည့် ဥပဒေများကို ပြုပြင်ပြောင်းလဲခြင်းတို့ဖြင့် MSME ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။