နေပြည်တော် ၂၆ ဖေဖော်ဝါရီ
မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အကောင်အထည်ဖော်ရေး ဆပ်ကော်မတီ (၈)ခု၏ ရှေ့လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။
အစည်းအဝေးတွင် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဝန်ကြီးဌာနအနေဖြင့် လူတိုင်း အခြေခံလူ့အခွင့် အရေးရရှိရေး၊ လူ့ဂုဏ်သိက္ခာနှင့်ပြည့်စုံသည့် လူအသိုင်းအဝိုင်း ဖော်ဆောင်ရေးနှင့် ဘေးအန္တရာယ်များကို ကြံ့ကြံ့ခံရင်ဆိုင် တုံ့ပြန်နိုင်စွမ်းရှိသည့် လူ့အသိုင်းအဝိုင်း ဖော်ဆောင်ရေးတို့ကို ဆောင်ရွက်လျက်ရှိရာ ဆပ်ကော်မတီ (၈)ခုအနေဖြင့် ယင်းမူဝါဒများကို အခြေခံပြီး မသန်စွမ်းသူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းရန် မသန်စွမ်းသူများအတွက် မဟာဗျူဟာစီမံကိန်းချမှတ်နိုင်ရေး လက်တွေ့ဆောင်ရွက်ရာတွင် ပြည်တွင်းရှိစံချိန်စံ ညွှန်းများအပြင် အာဆီယံဒေသတွင်းနိုင်ငံများမှ ဆောင်ရွက်သည့်လုပ်ငန်းများ၊ ကမ္ဘာ့နိုင်ငံအသီးသီးက ဆောင်ရွက်သော မသန်စွမ်းကိစ္စရပ်များနှင့် ကိုက်ညီရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် UNICEF (မြန်မာ) ၏ ဒုတိယဌာနကိုယ်စားလှယ် Mr. Pawl Edwards က ပူးပေါင်းဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားပြီး ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချူပ်က ဆပ်ကော်မတီအသီးသီး၏ဖွဲ့စည်းပုံ၊ တာဝန်ဝတ္ထရားများနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ စီမံကိန်းရေးဆွဲချမှတ်နိုင်ရန် လုပ်ငန်းစဉ်အဆင့်ဆင့်အား ဆက်လက်ဆွေးနွေးကြသည်။
(သတင်းစဉ်)


