မုံရွာ ၂၆ ဖေဖော်ဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ မြို့တော်ခန်းမတွင် အမျိုးသား ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း ပြုစုခြင်းနှင့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းခြင်း မြှင့်တင်ရေးဆိုင်ရာ သင်တန်း(၁/၂၀၁၉) ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီး ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဌာနဆိုင်ရာ အကြီးအကဲများ၊ တိုင်းဒေသကြီး ဘဏ္ဍာရေးနှင့် စီမံကိန်း ဝန်ကြီး ဦးစိုးဦးက အဖွင့်အမှာစကား ပြောကြားသည်။
အခမ်းအနားတွင် တိုင်းဒေသကြီး ဘဏ္ဍာရေးနှင့် စီမံကိန်းဝန်ကြီးက "မိမိတို့ တိုင်းဒေသကြီး အတွင်းရှိ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များကို စာရင်းကောက်ယူပြီး ယူနက်စကို၏ သတ်မှတ်ပုံစံတွင် စနစ် တကျ ရေးသွင်းမှတ်တမ်းတင်နိုင်ရေးအတွက် သင်တန်းဖွင့်လှစ် ပေးရခြင်းဖြစ်ပါကြောင်း၊ မိမိတို့၏ မြန်မာ ယဉ်ကျေးမှုသည် သမိုင်းတစ်လျှောက် ရှင်သန်ထွန်းကားခဲ့သော ဘိုးဘွားစဉ်ဆက် လက်ဆင့်ကမ်း ထိန်းသိမ်းခဲ့ကြကြောင်း၊ ထို့အပြင် ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်၊ ပျူခေတ်၊ ပုဂံ၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင်ခေတ်နှင့် ရတနာပုံခေတ်တိုင်အောင် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များဖြစ်သည့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ပေါများသလို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များစွာ ရှိပါကြောင်း၊ ရိုးရာ ယဉ်ကျေးမှုပွဲတော်များ၊ ရိုးရာအစားအစာများ၊ ရိုးရာလက်မှု ပညာရပ်များသည် ဒေသအသီးသီးတွင် ယနေ့ အချိန်ထိ အစဉ်အလာမပျက် တည်တံ့လုပ်ဆောင်လျက် ရှိပါကြောင်း၊ (ဥပမာ- မုံရွာဒေသ၊ ကျောက္ကာ ယွန်းထည်လုပ်ငန်း၊ စစ်ကိုင်းမိုးဇာဗျော၊ ငွေထည်လုပ်ငန်း၊ ဝါတွင်းဘုရားစဉ်ပွဲတော်များ၊ လှတောကျေးရွာ၏ နှုတ်ပြောစကားများ၊ ရွှေဘိုမြို့ရှိ ထင်ရှားကျော်ကြားသည့် ဘုရားပွဲတော်များ၊ ကဒူး၊ ကနန်း၊ နာဂ တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ စသည်တို့ဖြစ်ပါကြောင်း၊ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များကို မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းသွားမှသာ ရေရှည်တည်တံ့မှာ ဖြစ်ပါကြောင်း၊ ရိုးရာ အမွေအနှစ်တွေကို ပြည်တွင်းသာမက ပြည်ပခရီးသွားများပါ သိရှိကာ ယဉ်ကျေးမှုအခြေပြု ခရီးသွားလုပ်ငန်းများပါ ပိုမိုအားကောင်းပြီး ဒေသခံတို့၏ လူမှုစီးပွားရေးများ ဖွံ့ဖြိုးတိုးတက်လာစေခြင်းနှင့် တိမ်မြုပ်ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းနိုင်ခြင်းစတဲ့ အကျိုးကျေးဇူးများ ရရှိမှာဖြစ်ကြောင်း" ပြောကြားသည်။
ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေး လုပ်ငန်း ကော်မတီ အတွင်းရေးမှူး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (စစ်ကိုင်းဌာနခွဲ) ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိုးမိုးသိန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးရဲမြတ်အောင်က သင်တန်းတွင် ပို့ချမည်သင်ခန်းစာအကျဉ်းကို ရှင်းလင်းတင်ပြခဲ့သည်။
အဆိုပါ သင်တန်းတွင် သင်တန်းနည်းပြ ဆရာ၊ ဆရာမများက ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ ၂၀၁၃ ကွန်ဗန်းရှင်း၊ လူထုအခြေပြုသော Inventory နဲ့ Documentation ပြုစုပုံတို့ကို အဓိက အနေဖြင့် မိမိတို့ရဲ့ အတွေ့ကြုံများနဲ့ ပေါင်းစပ်သင်ကြား သွားမှာဖြစ်ကြောင်း၊ ဒါ့အပြင် ဒြပ်မဲ့ယဉ်ကျေးမှု ထိန်းသိမ်းရေးမှာ လိုက်နာဆောင်ရွက် သင့်သည်များကိုလည်းမျှဝေပေးသွားမှာ ဖြစ်ကြောင်း၊ သင်တန်းရဲ့ Out put အနေနဲ့ကတော့ သက်ဆိုင်ရာဝန်ထမ်းများအနေဖြင့် Inventory ပြုလုပ်ခြင်းကို ကောင်းစွာနားလည်လာစေမှာဖြစ်ပြီး Outcome အနေနဲ့ အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းပြုစုအတွက် အထောက်အကူဖြစ်စေရေးတို့အတွက် အလေးထားကာ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ လက်ထောက်ညွှန်ကြားရေးမှူးများ၊ ဦးစီးအရာရှိများနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိများနှင့်မြို့နယ်ဦးစီးမှူးများ၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ အရာထမ်းများနှင့် အမှုထမ်းများ၊ တိုင်းရင်းသားရေးရာ အဖွဲ့နှင့် ရပ်ကျေးအုပ်ချုပ်ရေမှူးများ စုစုပေါင်း သင်တန်းသား သင်တန်းသူ ၁၁၀ အား ဖေဖော်ဝါရီ ၂၆ ရက်နေ့မှ ၂၇ ရက်နေ့အထိ စာတွေ့လက်တွေ့ သင်တန်းကာလ နှစ်ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ် ကြောင်းသိရသည်။
ထွန်းကိုကို(ယင်းမာပင်)


