မူဆယ် ၂၈ ဖေဖော်ဝါရီ
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင် မူဆယ်မြို့ မြို့မရဲစခန်း အောင်ဆန်းသူရိယ အေးချိုရိပ်သာခန်းမတွင် ယနေ့ နံနက် ၉ နာရီက တောရိုင်းတိရစ္ဆာန်နှင့် သစ်ပင်ပန်းမန်များ ကာကွယ်စောင့်ရှောက်ရေး၊ တရားမဝင် ရောင်းဝယ်မှုများ ပပျောက်ရေး အသိပညာပေး ဟောပြောပွဲ အခမ်းအနား ကျင်းပခဲ့သည်။
အခမ်းအနားတွင် မူဆယ်ခရိုင်၊ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူးဦးဥက္ကာက အမှာစကား ပြောကြားခဲ့ပြီး သစ်တောလုံခြုံရေးတပ်ဖွဲ့၊ လားရှိုင်းခရိုင်တပ်ဖွဲ့စုမှ ဒုတိယရဲမှူးဌေးကြွယ်က သစ်တောဥပဒေဆိုင်ရာ သိကောင်းစရာများ၊ တရားမဝင် သစ်ရောင်းချမှုများ ပပျောက်နိုင်ရေး၊ တောရိုင်းတိရစ္ဆာန်များ ထိန်းသိမ်း စောင့်ရှောက်ကာကွယ်ရေး၊ အများပြည်သူလူထုများ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန်နှင့် တက်ရောက်လာ ကြသည့် ပြည်သူများအနေဖြင့်လည်း မိမိဒေသမှာရှိသည့် ဒေသခံပြည်သူများကို တစ်ဆင့်ပြန်လည် ဖြန့်ဝေပေးရန် ပရိုဂျက်တာဖြင့် ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကွက်ခိုင်မြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိဦးမျိုးမင်းနိုင်က ဇီဝမျိုးစုံ၊ မျိုးခွဲများ ထိန်းသိမ်းကာကွယ်ရေးဥပဒေများကို ရှင်းလင်းဟောပြောဆွေးနွေးခဲ့ရာ သားငှက်ထိန်းသိမ်းရေး အဖွဲ့(WCS)မှ ဦးစီးအရာရှိဦးနောင်နောင်က သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့သည်။
အခမ်းအနားသို့ မူဆယ်ခရိုင် ခေတ္တခရိုင် အုပ်ချုပ်အုပ်ချုပ်ရေးမှူး၊ မူဆယ်ခရိုင် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးမျိုးညွှန့်၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသူရိန်၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့်ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြ ကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
MDN


