မူးယစ်ဆေးဝါးအန္တရာယ်သည် ရှေးကာလများကတည်းက လက်ရှိအချိန်အထိ အသွင်အမျိုးမျိုး၊ ပုံသဏ္ဌာန် အမျိုးမျိုးဖြင့် ကမ္ဘာတစ်ဝန်းအန္တရာယ်ပြု ခြိမ်းခြောက်နေသည့် ပြဿနာတစ်ရပ်ဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် အနာဂတ်မျိုးဆက်သစ် လူငယ်များအပါအဝင် လူသားမျိုးနွယ် တစ်ရပ်လုံးကို အန္တရာယ်ပြု ခြိမ်းခြောက်နေသည့် မူးယစ်ဆေးဝါးသယ်ဆောင် ရောင်းဝယ် ဖောက်ကားမှုများအား ထိရောက်စွာ ကာကွယ်တားဆီးနိုင်ရေးအတွက် အမျိုးသားရေး တာဝန်တစ်ရပ် အဖြစ်သတ်မှတ်၍ အရှိန်အဟုန်မြှင့်တင် တိုက်ဖျက်လျက်ရှိသည်။
မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချ သယ်ဆောင်ရောင်းဝယ်ဖောက်ကားမှု လုပ်ငန်းများကို မည်သူတို့က မည်သည့်အတွက်ကြောင့် မည်သို့လုပ်ကိုင်နေကြသည်ကို များသောအားဖြင့် သိရှိထားကြသည်။ လူသားမျိုးနွယ်တစ်ရပ်လုံးကို အန္တရာယ်ပေးနေသော မူးယစ်ဆေးဝါးအန္တရာယ်ကို ခေတ်အဆက်ဆက် အစိုးရများက စစ်ဆင်ရေး အမျိုးမျိုးအပါအဝင် ထိရောက်စွာတိုက်ဖျက်နှိမ်နင်းလျက်ရှိသည်။ သို့သော် မူးယစ်ဆေးဝါးအန္တရာယ်သည် ပျောက်ကွယ်ခြင်းမရှိဘဲ ဆက်လက်ကြီးထွားနေသည်မှာ မူးယစ်ဆေးဝါးမှရရှိသည့် အကျိုးအမြတ်ကြီးမားခြင်းနှင့် ရရှိသည့်အကျိုးအမြတ် များဖြင့် ၎င်းတို့၏ မကောင်းမှုရည်မှန်းချက် အောင်မြင်အောင် ဆောင်ရွက်လိုခြင်းတို့ကြောင့် ဆက်လက် ပေါ်ပေါက်နေခြင်းဖြစ်သည်။
နိုင်ငံတော်အစိုးရအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစီမံကိန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ မူးယစ်ဆေးဝါး သယ်ဆောင်လေ့ရှိသည့် လမ်းကြောင်းများ၌ စစ်ဆေးရှာဖွေ ဖော်ထုတ်ဖမ်းဆီးမှုများ တိုးမြှင့်လုပ်ဆောင်လျက်ရှိသကဲ့သို့ အိမ်နီးချင်းနိုင်ငံများနှင့်ပူးပေါင်း၍ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ပူးတွဲစစ်ဆင်ရေး တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။ ထို့ကြောင့် မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ် ဖောက်ကားသူများအနေဖြင့် ပုံမှန်လုပ်ကိုင်နေကြသည့် ကုန်းလမ်းခရီးလမ်းကြောင်းကိုရှောင်လွှဲကာ ပင်လယ်ရေလမ်းကြောင်း၏ အားသာ ချက်ကိုအသုံးချပြီး သယ်ဆောင်မှုများ ပြုလုပ်လာကြသည်ကိုတွေ့ရမည်ဖြစ်သည်။ မူးယစ်ဆေးဝါးသယ်ဆောင် ရောင်းဝယ်မှုများကို အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များက လုပ်ကိုင်လာကြသည်ကိုလည်း တွေ့မြင်နေရသည်။
ပြီးခဲ့သည့် မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုဖြစ်စဉ်များတွင် AA အကြမ်းဖက် သောင်းကျန်းသူများအနေဖြင့် မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှု လုပ်ငန်းများကိုပြုလုပ်ကာ ရရှိသည့် အကျိုးအမြတ် ငွေကြေးများဖြင့် လက်နက်ခဲယမ်းများဝယ်ယူပြီး ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက် တိုက်ခိုက်မှု လုပ်ငန်းများကို ဆောင်ရွက်ခြင်း၊ လက်နက်အားကိုးဖြင့် အပြစ်မဲ့ပြည်သူများအပေါ် အနိုင်ကျင့် နှိပ်စက်သတ်ဖြတ်ခြင်းများ လုပ်ဆောင်နေကြသည်ကို တွေ့မြင်ကြားသိနေရသည်။ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ခြင်းများနှင့် အကြမ်းဖက် လုပ်ငန်းများကို မလိုလားသည့် ဒေသခံပြည်သူများ၏ လျှို့ဝှက်သတင်းပေးတိုင်ကြား မှုအရ ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၂၄ ရက်တွင် မူးယစ်ဆေးဝါးအမြောက်အမြား ဖမ်းဆီးရမိခဲ့သည်။
AA အကြမ်းဖက်သောင်းကျန်းသူများသည် ယခင်ကလည်း ရန်ကုန်မြို့မှ တစ်ဆင့် ရေလမ်းကြောင်းဖြင့် မူးယစ်ဆေးဝါးများကို သယ်ဆောင်ရန်ပြုလုပ်ခဲ့ရာတွင်လည်း အကြိမ်ကြိမ်ဖမ်းဆီးရမိခဲ့ပြီးဖြစ်သည်။ အဆိုပါ AA သောင်းကျန်းသူများ ဦးစီးလုပ်ကိုင်နေသည့် မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှု လုပ်ငန်းများသည် မြန်မာနိုင်ငံအတွက်သာမက ဒေသတွင်းနိုင်ငံများအတွက်ပါ အန္တရာယ်ဖြစ်ပေါ်လျက် ရှိသဖြင့် နိုင်ငံတော်အစိုးရက ထိထိရောက်ရောက်အရှိန်အဟုန်မြှင့်တင် ဖော်ထုတ်ဖမ်းဆီးလျက် ရှိသည်။ အထောက်အထားများအရ AA အကြမ်းဖက် သောင်းကျန်းသူများအနေဖြင့် ၂၀၁၃ ခုနှစ်မှစတင်၍ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှု လုပ်ငန်းများ လုပ်ကိုင်ခဲ့သည်ကို တွေ့ရသည်။
AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် မူးယစ်ဆေးဝါးများကို ရခိုင်ပြည်နယ်အတွင်း၌သာမက ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အခြားနိုင်ငံများသို့ပါ ချိတ်ဆက်ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ အင်အားကြီးလာခြင်းသည် မူးယစ်ဆေးဝါးမှရရှိသည့် ငွေကြေးများကြောင့် ဖြစ်သည်မှာ ငြင်း၍မရသောအချက်များဖြစ်သည်။ ၎င်းတို့ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုများ စတင်လုပ်ကိုင်ခဲ့သည့်အချိန်မှ ယနေ့အချိန်အထိ ဖမ်းဆီးရမိသည့် မူးယစ် ဆေးဝါးများ၏ ငွေကြေးတန်ဖိုးမှာ အမြောက်အမြားဖြစ်ပြီး မဖမ်းမိလိုက်သည့် မူးယစ် ဆေးဝါး အကျိုးအမြတ်များ၏ အန္တရာယ်များကြောင့် နိုင်ငံအတွက် မည်မျှအန္တရာယ်ကြီးမားသည်ကို ခန့်မှန်းကြည့်နိုင်သည်။
သို့ဖြစ်ရာ လူမျိုးရေးကိုအကြောင်းပြပြီး ရခိုင်ပြည်နယ်အတွင်း၌သာမက မြန်မာနိုင်ငံအတွင်း၊ ဒေသတွင်း နိုင်ငံများအတွင်း မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ခြင်းဖြင့် အန္တရာယ်ပေးနေသော AA အကြမ်းဖက်သောင်းကျန်းသူများကို တိုင်းရင်းသားပြည်သူအားလုံးက အမျိုးသားရေး တာဝန် တစ်ရပ်အနေဖြင့် ဝိုင်းဝန်းဆန့်ကျင်ပြီး အကြမ်းဖက်သောင်းကျန်းသူများ ချုပ်ငြိမ်းအောင်၊ မူးယစ် ဆေးဝါးအန္တရာယ်များ ပပျောက်သွားအောင် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ကြ ရမည်ဖြစ်ပါကြောင်း။


