နေပြည်တော် ဒီဇင်ဘာ ၁၀
မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို ကုလသမဂ္ဂအပါအဝင် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၊ မဲခေါင် ဒေသတွင်းနိုင်ငံများ၊ ဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံများ၊ နိုင်ငံတကာ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ပိုမိုတိုးမြှင့်ဆောင်ရွက် လျက်ရှိသည့်အပြင် မူးယစ် ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်း စဉ်များတွင် တစ်ခုအပါအဝင် ဖြစ်သည့် ဘိန်းခင်းများဖျက်ဆီးမှုကိုလည်း ဆောင်ရွက်လျက်ရှိသည်။
ဆက်လက်ဆောင်ရွက်သွားမည်
ထိုသို့ ဆောင်ရွက်လျက်ရှိရာ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့ အပါအဝင် ဆက်စပ်ဦးစီးဌာနများ ပါဝင်သော ပူးပေါင်းအဖွဲ့များ၊ နယ်မြေခံပြည်သူ့စစ်အဖွဲ့ဝင်များနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများပါဝင်သော ပူးပေါင်း အဖွဲ့သည် ဒီဇင်ဘာ ၉ ရက်နှင့် ယနေ့တို့တွင်လည်း ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်မြို့နယ် ဆင်ခြေဖုံးကျေးရွာအုပ်စု လုံအောင်ကျေးရွာ၏ အနောက်တောင်ဘက် နှစ်မိုင်ခန့်အကွာရှိ အမြင့်နှစ်ပေခွဲ သီးပွင့်ဆဲဘိန်းခင်း ၃၅ ဧကကိုလည်းကောင်း၊ စံဖူးကျေးရွာ၏ အနောက်တောင်ဘက် နှစ်မိုင်ခန့်အကွာရှိ အမြင့် သုံးပေခွဲ သီးပွင့်ဆဲဘိန်းခင်း ၂၅ ဧက ကိုလည်းကောင်း တောင်နောက်ကျေးရွာအုပ်စု တောင်နောက်ကျေးရွာ၏ အနောက်တောင်ဘက် သုံးမိုင်ခန့်အကွာရှိ အမြင့် သုံးပေ သီးပွင့်ဆဲဘိန်းခင်း ဧက ၃၀ နှင့် ကျေးရွာ၏ အနောက်ဘက် ၃ မိုင် ၄ ဖာလုံခန့်အကွာရှိ အမြင့် သုံးပေ သီးပွင့်ဆဲဘိန်းခင်း ၂၅ ဧကကိုလည်းကောင်း စုစုပေါင်း ဘိန်းခင်း ၁၁၅ ဧကတို့ကို သွားရောက်ဖျက်ဆီးခဲ့ကြောင်းနှင့် ဘိန်းခင်းဖျက်ဆီးမှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


